News

POST TYPE

COVID 19

ပြည်ထောင်စုလွှတ်တော်တက်မည့် ကိုယ်စားလှယ်များကို ဒုတိယအကြိမ်ဆေးစစ်ရာမှ လေးဦးတွင် ပိုးတွေ့
30-Jan-2021


နေပြည်တော်၊ ဇန်နဝါရီ ၃၀

လာမည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာကျင်းပမယ့် လွှတ်တော်ကိုတက်ရောက်ဖို့ နေပြည်တော်ကိုရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ပါလာတဲ့ မိသားစုတွေကို ဇန်နဝါရီ ၂၉ ရက်နေ့က ကိုဗစ်ပိုး ရှိ မရှိ ဒုတိယအကြိမ် ထပ်မံစစ်ဆေးခဲ့ပါတယ်။ 

အဲ့ဒီလိုစစ်ဆေးတာမှာ ရန်ကုန်တိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်မှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ ခုတင် ၁၀ဝ၀ ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။

နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက "ကိုဗစ်ပိုးတွေ့တာ ဟုတ်ပါတယ်။ ခုတင် ၁၀ဝ၀ မှာ စောင့်ကြပ်ကုသပေးနေပါတယ်။ အရေအတွက်နဲ့ လူနာမည်စာရင်းတော့ ကျွန်တော်ပြောခွင့်မရှိပါဘူး။ လွှတ်တော်ရုံးက ထုတ်ပြန်ပေးပါလိမ့်မယ်" လို့ ဆိုပါတယ်။

စုံစမ်းသိရှိထားချက်များအရ NLD ပါတီက ကိုယ်စားလှယ်တွေဖြစ်တဲ့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်နဲ့ လှိုင်သာယာမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော် အမှတ်-၄က ကိုယ်စားလှယ် ဦးအေးဗိုလ်၊ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော် အမှတ်-၈ က ကိုယ်စားလှယ် ဦးကျော်ဇင်ဝင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ခုတင် ၁၀ဝ၀ ဆေးရုံကိုရောက်နေတဲ့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ်-၄ က ကိုယ်စားလှယ် ဦးအေးဗိုလ်ကိုမေးကြည့်တော့ "ဟုတ်တယ်ဗျ ကျွန်တော်တို့ ဒုတိယအကြိမ်မှတွေ့လို့ ခုတင် ၁၀ဝ၀ မှာ ကျွန်တော်တို့လေးယောက် ရောက်နေပါတယ်။ ကျွန်တော်တို့က ကွင်းဆင်းတာတွေ ထောက်ပံ့တာတွေလုပ်တော့ တစ်ရက်လောက်ဖျားဖူးတာကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူး။ အခုလည်း ဘာမှမဖြစ်ဘူး အဆင်ပြေပါတယ်၊ ဘာလက္ခဏာမှမပြဘူး၊ လွှတ်တော်တက်ဖို့ကတော့ ဆေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်းပါပဲ" လို့ ပြောပါတယ်။

ပုဇွန်တောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကလည်း "ကျွန်တော်တော့ လွန်ခဲ့တဲ့ နှစ်လလောက်က ချောင်းလေးနည်းနည်းဆိုးဘူးတာ ကွမ်းရွက်ပုံနှစ်ထုပ်သောက်ပြီး ပျောက်သွားတာ ဘာမှလည်းမဖြစ်ခဲ့ဘူး၊ ပထမတစ်ခါစစ်တော့ မတွေ့၊ မနေ့က စစ်မှပိုးတွေ့တော့ အံ့ဩနေတာ၊ အခုတော့ ခုတင်တစ်ထောင်မှာ ဆီးချို၊ သွေးတိုးကအစ အကုန်စစ်ပေးနေပါတယ်။ လွှတ်တော်တက်ဖို့ကတော့ ဆေးဘုတ်က ဆုံးဖြတ်တဲ့အတိုင်းပါပဲ" လို့ ပြောပါတယ်။ 

အခု နေပြည်တော်ခုတင် ၁၀ဝ၀ မှာ စောင့်ရှောက်မှုခံယူနေသူအားလုံး လူကောင်းပကတိလို ကျန်းမာကြပြီး လွှတ်တော်တက်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ 

ဇန်နဝါရီ ၂၂ ရက်ကလည်း မင်္ဂလာတောင်ညွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ NLD ပါတီရဲ့တောင်သာမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးကြွယ်ကြွယ်၊ အုတ်တွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ ကမာရွတ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းရဲ့ဇနီး ဒေါ်စိုးစိုးသန်း၊ ANP ပါတီရဲ့ ရမ်းဗြဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေနဲ့ သူ့ဇနီး ဒေါ်အောင်သန်းစိန်တို့ကတော့ ဆေးရုံရောက်ပြီး ပြန်လည်စစ်ဆေးချိန်မှာ ပိုးကင်းစင်သွားလို့ ဆေးရုံကနေ ဆင်းသွားပြီးဖြစ်တယ်လို့ သိရပါတယ်။  
ကိုထွန်း၊ နေလင်း (VOM)