News

POST TYPE

COVID 19

မျိုးဗီဇပြောင်းဗိုင်းရပ်စ် မဝင်ရောက်စေရန် မြဝတီတွင် ထိုင်းပြန်များကို စစ်ဆေးမှုပြုလုပ်
20-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၉

မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးများ နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်မှုမရှိစေရန် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများကို ချက်ချင်း နှာခေါင်းတို့ဖတ်နမူနာရယူ စစ်ဆေးနေကြောင်း ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။

ယခင်က ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်သည့်အခါ အသွားအလာကန့်သတ်ခံယူရမည့်နေရာများတွင် သုံးရက်ခန့် နေထိုင်စေပြီးမှ အာခေါင်၊ နှာခေါင်းတို့ဖတ် နမူနာရယူစစ်ဆေးပြီး ရောဂါပိုးတွေ့ရှိမှု အခြေ အနေအရ ဆေးရုံနှင့် ၎င်းတို့နေထိုင်ရာ တိုင်းဒေသကြီးပြည်နယ်များသို့ ပြန်လည်လွှဲပြောင်းမှုကို ဆောင်ရွက်ခဲ့သည်။ 

ယခုအခါ ယူကေနှင့် တောင်အာဖရိကတို့တွင် ကူးစက်မြန် မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ်များ ပေါ်ပေါက်ဖြစ်ပွားလာပြီးနောက် နိုင်ငံအချို့သို့လည်း ပျံ့နှံ့ရောက်ရှိနေရာ မြန်မာနိုင်ငံအတွင်းသို့ ယင်းမျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်ဝင်ရောက်လာခြင်းမှ ကာကွယ်နိုင်ရန် ထိုင်းနိုင်ငံက ပြန်လာသူများ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများကို ချက်ချင်း အာခေါင်၊ နှာခေါင်း တို့ဖတ် ယူကာ စစ်ဆေးနေကြောင်း ဒေါက်တာနန္ဒာဝင်းက ပြောဆိုခြင်းဖြစ်သည်။ 

"ဆရာတို့ ဝင်သမျှကို အကုန်ယူတယ်။ ဒီနေ့နဲ့ဆိုရင် ၄ ရက်မြောက် ရှိပါပြီ"ဟု ဒေါက်တာနန္ဒာဝင်းက ထပ်လောင်းပြောဆိုသည်။ 

ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မေလမှစတင်ကာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

ယနေ့အချိန်အထိလည်း ထိုင်းဘက်မှ ပြန်လည်ဝင်ရောက်လာသူများ ရှိသော်လည်း ယင်းနိုင်ငံသို ပြန်လည်သွားရောက်အလုပ်လုပ်ကိုင်သူများလည်း ရှိနေပြီဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများကို တိုင်ဒေသကြီး၊ ပြည်နယ်အလိုက် ခွဲခြားကာ အသွားအလာကန့်သတ်သည့် နေရာ ၈ ခု ဖွင့်လှစ် လက်ခံထားကြောင်း၊ လက်ရှိအချိန်အထိ မြဝတီတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၆၂၀ ဦး ရှိပြီး၊ မြဝတီဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၁၀ဝ ဦး၊ သေဆုံးသူ ၃ ဦး၊ ဆေးရုံမှ ပြန်လည်ဆင်းသွားသူ ၅၀ဝ ကျော်ရှိပြီ ဖြစ်သည်။        

S-09