News

POST TYPE

COVID 19

ဟုမ္မလင်းဆေးရုံက အချုပ်ကျတရားခံ ကိုဗစ်လူနာ ထွက်ပြေး
19-Jan-2021


ပဲခူး၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ အချုပ်ကျ ကိုဗစ်ပိုးအတည်ပြုလူနာ အမျိုးသားတစ်ဦး ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၃ နာရီခန့်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ 

"တစ်လင်တစ်မယားစနစ်နဲ့ အမှုဖွင့်ခံထားရသူပါ။ အချုပ်ခန်းထဲမထည့်ခင် ကိုဗစ်ပိုးတွေ့လို့ ဆေးရုံမှာကုသနေတုန်း ထွက်ပြေးတာ။ အခုမွန်းလွဲထိတော့ မမိသေးဘူး။ သူနဲ့ထိတွေ့သူတွေနဲ့ ရဲစခန်းကို အသွားအလာကန့်သတ်ထားတယ်" လို့ ဟုမ္မလင်းမြို့နယ်မှ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။

ထွက်ပြေးသွားသူဟာ လွန်ခဲ့တဲ့တစ်ပတ်ကျော်ခန့်က တစ်လင်တစ်မယား စနစ်ဥပဒေနဲ့အမှုဖွင့်ခံခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့ သဝန်ထွက်ဝ ကျေးရွာမှာနေတဲ့ အမျိုးသားကို အချုပ်ခန်းမှာ Task kit နဲ့စစ်ဆေးရာက Covid-19 ပိုးတွေ့ ခဲ့တာကြောင့် ရဲအစောင့်အရှောက်နဲ့ ဟုမ္မလင်းမြို့နယ်ဆေးရုံမှာ ပို့ဆောင်ကုသပေးနေချိန် ခြေချင်းကို ရိုက်ချိုးပြီးထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့အချုပ်ကျလူနာထွက်ပြေးလွတ်မြောက်သွားတာနဲ့ပတ်သက်ပြီး ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမျိုးကို ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဟုမ္မလင်းမြို့နယ်အတွင်း ဇန်နဝါရီလ ၁၇ ရက်နေ့အထိ Covid-19 အတည်ပြုလူနာ လေးဦးရှိပြီး  Quarantine ဝင်နေရသူ ၃၀ ယောက်ရှိနေတဲ့အပြင် ဟုမ္မလင်းမြို့မရဲစခန်းကို အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။ 

ကောင်းလကျာ် (VOM)