News

POST TYPE

COVID 19

UK နှင့် တောင်အာဖရိကရှိ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံတွင် မတွေ့ ရှိသေး
18-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

မြန်မာနိုင်ငံတွင် လက်ရှိအချိန် အထိ UK ဗီဇပြောင်းပိုးနှင့် တောင်အာဖရိက ဗီဇပြောင်းပိုး မတွေ့ရှိသေးကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြား သည်။ 

ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက သတင်း မီဒီယာအချို့နှင့် လူမှုကွန်ရက်စာမျက်နှာ များတွင် ဂျော်ဒန်မှ ပြန်လာသူအချို့တွင် မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး တွေ့ရှိရသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာပြီးနောက် ဒေါက်တာခင်ခင်ကြီးက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ရေးသားတင်ပြလိုက်ခြင်းဖြစ်သည်။ 

SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုး ဗီဇတစ်ခုလုံးကို လေ့လာနိုင်ရန် ဓာတ်ခွဲ နမူနာပေါင်း ၆၀ ကျော်ကို စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံမှ ပြန်လာသူအချို့တွင် ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားနေသည့် မျိုးဗီဇ အသစ်များ စစ်ဆေးတွေ့ရှိထားကြောင်း ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုထားသည်။ 

သို့ရာတွင် ဆေးသုတေသနဦးစီး ဌာနမှ ဇန်နဝါရီ ဒုတိယပတ်အတွင်း စစ်ဆေးချက်အရ ဂျော်ဒန်မှပြန်လာပြီး ပိုးတွေ့သူ ၆၃ ဦးအနက်မှ ပိုးအကောင်ရေ များသူ ၆ ဦး ရန်ကုန်တိုင်းမှ ၃ ဦး၊ ပဲခူး တိုင်းမှ ၂ ဦး စုစုပေါင်း ၁၁ ဦးကို ပိုးမျိုးရိုး ဗီဇ စစ်ဆေးခဲ့သည်။ 

အဆိုပါစစ်ဆေးချက်အရ ဂျော်ဒန် မှ ပြန်လာသူများတွင် ပိုး၏မျိုးရိုးဗီဇသည် GR strain ဖြစ်ပြီး မျိုးနွယ်အရ B 1.1.312 Clade 20B ဖြစ်ပြီး အဆိုပါ မျိုးဗီဇသည် အဆိုပါနိုင်ငံများတွင် နဂို ရှိရင်းစွဲ မျိုးဗီဇဖြစ်ကာ မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့နေသော ပိုးမျိုးဗီဇသည် GH strain  ဖြစ်ပြီး မျိုးနွယ်စု B 1.36 Clade 20A ဖြစ်သည်။ 

ယင်းအတွက်ကြောင့် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားပျံ့နှံ့နေသော ပိုးသည် 614G နှင့် Q57Hတွဲနေသော GH strain  သာဖြစ်ပါကြောင်း ဒေါက်တာ ခင်ခင်ကြီးက အသိပေးထားသည်။ 

လက်ရှိအချိန်ထိ ပိုး၏ မျိုးရိုးဗီဇကို ၇ ခုသတ်မှတ်နိုင်ပြီး မူလပထမ L strain  ၂၀၂၀ အစပိုင်းတွင် S strain  ပြောင်းလဲ ပြီးနောက်ပိုင်းတွင် V နှင့် G အဖြစ် ဆက်လက်ပြောင်းလဲကာ GR,GH နှင့် GV ဟု အဆင့်ဆင့်ပြောင်းလဲသွားပြီး နာမည်မပေးရသေးသော ပြောင်းလဲမှု များကို O strain ဟု ခေါ်ဝေါ်သည်။ 

လက်ရှိတွင် ယူကေတွင် ဖြစ်ပွား နေသည့် ကူးစက်မြန် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်သည် နိုင်ငံအချို့ကို ပျံ့နှံ့ရောက် နေပြီဖြစ်သလို မြန်မာနိုင်ငံကိုလည်း ရောက်ရှိနိုင်ခြေရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ သူအချို့က ပြောကြားထားသည့်အတွက် ပြည်သူများအကြား စိုးရိမ်မှုများ ရှိနေ သည်။ 

S-09