News

POST TYPE

COVID 19

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအများစု နာတာရှည်ရောဂါအခံရှိသူများဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်
10-Jan-2021
ရန်ကုန်၊ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရခြင်းကြောင့် သေဆုံးသူ ၂၅၅၂ ဦး ရှိသည့်အနက် ၂၁၀ဝ ကျော်သည် နာတာရှည်ရောဂါအခံရှိသူများဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာသည်။ 

၎င်းအရေအတွက်သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅ အထိတွေ့ရှိချက်ဖြစ်ပြီး ရာခိုင်နှုန်းအားအဖြင့် ၈၅ ဒသမ ၂ ရာခိုင်နှုန်းအထိရှိနေပြီး သေဆုံးခဲ့သည့် နာတာရှည်ရောဂါအမျိုးအစားများမှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာ စသည်တို့ဖြစ်သည်။

ထို့အပြင် ရောဂါကူးစက်ခံရပြီး သေဆုံးပြီးမှ ဆေးရုံသို့ရောက်ရှိလာသူ အရေအတွက်သည် ၂၇၂ ဦး (၁၁ ရာခိုင်နှုန်း)ရှိကာ ဆေးရုံသို့ရောက်ရှိပြီး ၂၄ နာရီအတွင်းသေဆုံးသူအရေအတွက်သည် ၅၆၀ ဦး (၂၂ ရာခိုင်နှုန်း) ရှိသည့်အတွက် သေဆုံးသူ ၈၃၂ ဦး (၃၃ ရာခိုင်နှုန်း)သည် ဆေးရုံသို့ အချိန်မီရောက်ရှိခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် အချို့သည် အသက်ရှုရအလွန်ခက်ခဲသောကြောင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုအမျိုးမျိုး (အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှုကူစက်တပ်ဆင်ရခြင်း၊ သွေးရည်ကြည်ကုထုံးဖြင့်ကုသခြင်း) ခံယူရပြီး ရောဂါပြင်းထန်စွာခံစားရကာ အသက်သေဆုံးသည်အထိဖြစ်နိုင်သည်။

ကိုဗစ်-၁၉ ကူးစက်ခံရသူအချို့သည် ရောဂါမှ ပြန်လည်သက်သာပျောက်ကင်းသွားသော်လည်း နောက်ဆက်တွဲ ရေရှည်ဆိုးကျိုးများဖြစ်သည့် နှလုံး၊ အဆုတ်၊ ဦးနှောက်နှင့်အာရုံကြော၊ သွေးကြောများအတွင်းသွေးခဲခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုခံစားရခြင်း၊ အလွန်အမင်းမောပန်းခြင်း၊ ချောင်းဆိုးခြင်းတို့ကို နာတာရှည်ခံစားရနိုင်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅ အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်သိန်းနှစ်သောင်းကျော်အနက် ၆၅ ရာခိုင်နှုန်းဖြစ်သည့် ၇၈,ဝဝဝ ခန့်သည် ရောဂါလက္ခဏာတစ်စုံတစ်ရာ မပြသဘဲ သာမာန်အတိုင်း နေကောင်းကျန်းမာစွာ တွေ့ရှိရသည့်အတွက် မည်သူ့ထံတွင် ရောဂါပိုးရှိသည်ကိုမသိနိုင်သလို ရောဂါပိုးရှိသူများကလည်း မိမိထံတွင် ရောဂါပိုးရှိသည်ကိုမသိရှိနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။ 

S-09