News

POST TYPE

COVID 19

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတွင် အဘိုးအဘွား၊ ဝန်ထမ်း ၂၀ ကျော် ကိုဗစ်-၁၉ ပိုးတွေ့
09-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၉

ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာတွင် အဘိုးအဘွား၊ ဝန်ထမ်း ၂၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း ယင်းရိပ်သာ၏ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက The Voice Daily သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် ၇၆၉-၇၇၁၊ ဗိုလ်မင်းခေါင်လမ်း၊ ၁၂ ရပ်ကွက်ရှိ ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာတွင် အဘိုး အဘွား ၂၁ ဦး၊ ၎င်းရိပ်သာရှိ ဝန်ထမ်း ၆ ဦးတို့ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ ရှိခဲ့သည့်အတွက် သက်ဆိုင်ရာကုသရေးစင်တာများသို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။

"အားလုံး ၂၇ ယောက်တွေ့ပါတယ်။ သံသယရှိလို့ ရိပ်သာမှာရှိတဲ့သူတွေ အကုန်စစ်လိုက်တာ ၂၇ ယောက်တွေ့တာပါ။ ဒီနေ့ ၁၅ ယောက် လာခေါ်သွားလို့ အကုန်ဆေးရုံရောက်သွားပါပြီ"ဟု အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ထပ်လောင်းပြောကြားသည်။

ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာတွင် အဘိုးအဘွား၊ ဝန်ထမ်းအင်အား ၂၀ဝ ကျော်ရှိပြီး သံသယရှိမှုကြောင့် ၎င်းတို့အားလုံးကို ရောဂါပိုးစစ်ဆေးမှုများပြုလုပ်ခဲ့သည့်အတွက် ပေါ့စတစ်လူနာများ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ယခုအခါ ကိုဗစ်-၁၉ ပိုးတွေ့သူများကို စံပြဆေးရုံ၊ ဖော်ကျွန်းစင်တာ၊ ဧရာဝတီစင်တာတို့ကို ပို့ဆောင်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဘိုးဘွားရိပ်သာများလည်း ကူးစက်ခံခဲ့ရပြီး သန်လျင်သဘာဝတရားရိပ်သာ၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာတို့မှ အဘိုးအဘွားများ၊ ဝန်ထမ်းများ ကူးစက်ခံရခြင်းများလည်းရှိပြီး သေဆုံးမှုများလည်းရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူလတ်ပိုင်းအရွယ်သည်ပင် နဂိုရောဂါအခံရှိသူများဖြစ်ပါကလည်း ရောဂါကို ပြင်းထန်စွာခံစားရပြီး သေဆုံးမှုများရှိနိုင်ပြီး အသက်အရွယ်ကြီးမြင့်သောသူများသည်လည်း သေဆုံးရန် အခွင့်အလမ်းပိုမိုများပြားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။       

S-09