News

POST TYPE

COVID 19

၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်၏ဇနီး ကိုဗစ်-၁၉ ကူးစက်ခံရ
09-Jan-2021
ရန်ကုန်၊ဇန်နဝါရီ ၉

တပ်မတော်အစိုးရလက်ထက် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးခင်ညွှန့်၏ ဇနီး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း မရမ်းကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးက အတည်ပြုပြောကြားသည်။

မရမ်းကုန်းမြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာစာရင်းတွင် ဦးခင်ညွှန့် အသက် ၈၁ ဒေါ်ခင်ဝင်းရွှေ အသက် ၈၀ နှစ်၊ အမှတ် ၂၇ ၊ နဝဒေးလမ်း၊ ၅ ရပ်ကွက်ဆိုသည့် အမည်များပါဝင်နေရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းထံဆက်သွယ်မေးမြန်းရာ မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထပ်မံပြီး ၎င်းစာရင်းတွင်ပါဝင်နေသူများသည် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နှင့် ဇနီး ဟုတ်မဟုတ်အား မရမ်းကုန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးထံ ဆက်သွယ်မေးမြန်းရာ ဦးခင်ညွှန့်၏ ဇနီးတစ်ဦးတည်းသာ စာရင်းရရှိခဲ့ပြီး ဦးခင်ညွှန့်အတွက် မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“သူ့ဇနီးကတော့ စာရင်းရောက်တယ်။ ဦးခင်ညွှန့်ကတော့မသိဘူး။ ကျွန်မတို့ဆီစာရင်းလည်းမရောက်ဘူး” ဟု ကျန်းမာရေးဦးစီးဌာနမှူးကပြောသည်။

ဦးခင်ညွှန့်နှင့်ဇနီးတို့သည် ဘုရားဖူးထွက်ရန်အတွက် လှိုင်သာယာပန်းလှိုင်ဆေးရုံတွင် စစ်ဆေးမှုပြုလုပ်ရာမှ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး အဆိုပါဆေးရုံတွင်ပင် ဆေးကုသမှုခံယူနေသည်ဆိုသော သတင်းများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။

ဦးခင်ညွှန့်သည် ၁၉၉၁ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူးကို စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ဖြစ်လာကာ ၁၉၉၇ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး ၁ ဖြစ်လာခဲ့သည်။

ထို့အပြင် တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးကိုအဆင့်မြှင့်ကာ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရကာ ၂၀၀၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းရွှေသည် တပ်မတော်အစိုးရလက်ထက်က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

S-09