News

POST TYPE

COVID 19

ပေါင်တွင် ဖမ်းမိသည့် ဘင်္ဂါလီ ၁၉ ဦးတွင် ကိုဗစ်ပိုးမတွေ့၊ ရခိုင်သို့ ပြန်ပို့မည်
07-Jan-2021


တောင်ငူ၊ ဇန်နဝါရီ ၆ 

မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ်  မုတ္တမကျေးရွာအနီး သံလွင်တံတားတွင်  ဇန်နဝါရီ ၃ ရက် နံနက်က ဖမ်းဆီးရမိခဲ့သည့် ခိုးဝင်ဘင်္ဂါလီ ၁၉ ဦးတွင် ကိုဗစ်-၁၉  ရောဂါပိုး မတွေ့သဖြင့် မူလနေရပ် ရခိုင်သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပေါင်မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

“ကျိုက်မရောဘက်ကို အသွားမှာ ဖမ်းဆီးရမိခဲ့တာ။ ဘင်္ဂါလီတွေကိစ္စက  လ-ဝ-က ရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ။   အခကြေးငွေယူပြီး လိုက်ပို့ပေးခဲ့သူနှစ်ဦးနဲ့ ခိုင်းစေသူတွေကို ရဲတပ်ဖွဲ့က အမှုဖွင့်ထား တယ်”ဟု ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးတစ်ဦးက ပြောကြားသည်။ 

အဆိုပါနေ့ နံနက် ၉ နာရီခန့်က သထုံခရိုင် ပေါင်မြို့နယ် မုတ္တကျေးရွာ သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ခြမ်းတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင် များက မော်တော်ယာဉ်များကို စစ်ဆေး နေစဉ် ရန်ကုန်ဘက်မှ မော်လမြိုင်မြို့ ဘက်သို့ ယာဉ်မောင်း လှဝင်း (၄၁ နှစ်)မောင်းနှင်လာသည့် ဆူပါကာစတန် မော်တော်ယာဉ်နှင့် ယာဉ်မောင်း မျိုးဇင် (၃၂ နှစ်) မောင်းနှင်လာသော ပရိုဘောက် ယာဉ်ကို စစ်ဆေးခဲ့ရာမှ စစ်တွေမြို့နေ  ဘင်္ဂါလီလူမျိုး အမျိုးသားလေးဦးနှင့် အမျိုးသမီး ၁၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့ကို ထက်အောင် (ခ) ဝတုတ်နှင့်  ဂျမားဆိုသူတို့က ပို့ဆောင်စေခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ 

အဆိုပါအမှုနှင့်ပတ်သက်ပြီး မုတ္တမ နယ်မြေရဲစခန်းတွင် လှဝင်း၊ မျိုးဇင်၊  ထက်အောင်(ခ) ဝတုတ်နှင့် ဂျမားတို့ကို  (ပ) ၄/၂၀၂၁ ရာဇသတ်ကြီးဥပဒေပုဒ်မ  ၃၆၇/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူ ထားသည်ဟု အဆိုပါရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ 

R-02