News

POST TYPE

COVID 19

ကိုဗစ်-၁၉ ဖြစ်ပွားသူ ၈၅ ရာခိုင်နှုန်း ရောဂါလက္ခဏာမပြ
03-Jan-2021


ရန်ကုန်၊ ဒီဇင်ဘာ ၃

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၃ ရာခိုင်နှုန်း မှ ၈၅ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာတစ်စုံ တစ်ရာပြသခြင်းမရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။

ယင်းကဲ့သို့ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိသောကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် ရောဂါရှိသူများ ရှိနေနိုင်ပြီး မည်သူ့ထံတွင်ရောဂါရှိသည်ကို အမြင်အားဖြင့် မသိရှိနိုင်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို မိသားစုဝင်အချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ လုပ်ဖော်ကိုက်ဖက် အချင်းချင်းအသိပေးခြင်း နှင့် သတိပေးခြင်းများကို အမြဲတမ်းပြုလုပ်ရန် နှိုးဆော်ထားသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှုများပြားနေဆဲဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် ထိန်းချုပ်ထားနိုင်ခဲ့သည့် နိုင်ငံအချို့တွင်လည်း ကူးစက်ဖြစ်ပွားမှုများ ပြန်လည်များပြားလာသည်ကို တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတွင်လည်း ထိုသို့မဖြစ်ပွားစေရန် တိုက်တွန်းထားခြင်းဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည့်အရေအတွက်မှာ ရက်သတ္တပတ်နှစ်ခုအတွင်း တစ်ထောင်ကျော်ရှိနေရာမှ တစ်ထောင်အောက်ထိ ကျဆင်းမှုရှိနေပြီဖြစ်သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာရန် သတိပေးထားသေးသည်။

တရုတ်နိုင်ငံတွင် အရေးပေါ်အသုံးပြုခွင့်ရသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း အစောဆုံးကာလတွင် ရောက်ရှိမည်ဟု ကြေညာထားသကဲ့သို့ အိန္ဒိယနိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးထားသည့် ရောဂါကာကွယ်ဆေးများသည် ယခုနှစ်တွင် ရောက်ရှိမည်ဖြစ်သည်။       

S-09