News

POST TYPE

COVID 19

ကျန်းမာကြောင်း ဆေးလက်မှတ် 'အတု'၊ တရားမဝင် ငွေကြေးတောင်းယူမှုများနှင့် ကိုဗစ်စစ်ဆေးရေး တိုကင်ဈေးကွက်
21-Dec-2020


အယ်ဒီတာ့မှတ်ချက် - ကျန်းမားကြောင်း ဆေးလက်မှတ် အတုများ ရောင်းဝယ်နေပြီး ခရီးသွားလာရာတွင် အသုံးပြုနေခြင်းကို The Voice Daily သတင်းထောက်က ခရီးသည်အနေနှင့် စုံစမ်းဖော်ထုတ်ထားသည့် ဆောင်းပါးဖြစ်သည်။ ဆေးလက်မှတ်အတု ရောင်းချသည့် လုပ်ငန်းအမည်၊ ယာဉ်အမှတ်၊ ယာဉ်မောင်းအမည်များကို လတ်တလောတွင် ဆောင်းပါး၌ ထည့်သွင်းမဖော်ပြရန် The Voice Daily အယ်ဒီတာအဖွဲ့ ဆုံးဖြတ်ချက်အရ ဆိုင်းငံ့ထားပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အရာရှိက လုပ်ငန်းအမည်၊ ယာဉ်အမှတ်၊ ယာဉ်မောင်းအမည်များကို ဖော်ထုတ်ပေးရန် တောင်းဆိုသော်လည်း သတင်းစာကျင့်ဝတ်အရ The Voice Daily က ငြင်းပယ်ခဲ့ကြောင်း စာဖတ်ပရိသတ်ကို အသိပေးအပ်ပါသည်။

ကိုဗစ်ကာလ ခရီးသွားခွင့်ကန့်သတ်ထားချိန် ကျန်းမာရေးဆိုင်ရာ စစ်ဆေးသည့် ဂိတ်များကို ဖြတ်သန်းရန် ကျန်းမာကြောင်း ဆေးလက်မှတ် 'အတု'ကို ခရီးသွားလုပ်ငန်းတစ်ခုနှင့် ယာဉ်မောင်းက ကျပ်သောင်းဂဏန်းဖြင့် ရောင်းချပေးနေသည်။ 

ခရီးသည်များကလည်း ဆေးလက်မှတ် 'အတု'ကို ကျပ်သောင်းဂဏန်းဖြင့် မှာယူကာ စစ်ဆေးရေး ဂိတ်များကို အလွယ်တကူ ဖြတ်သန်းပြီး အခြား တိုင်း၊ ပြည်နယ် မြို့နယ်များသို့ ခရီးသွားလာနေသည်ကို လည်း တွေ့ရှိရသည်။ 

ကျန်းမာကြောင်း ဆေးလက်မှတ်ရနိုင်သည် ဆိုသော လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ၊ အမှတ်(၂) လမ်းဆုံအနီးရှိ ခရီးသွားလုပ်ငန်းတစ်ခုသို့ The Voice Daily က ခရီးသွားအနေနှင့် သွားရောက်စုံစမ်းခဲ့သည်။ 

ယင်းလုပ်ငန်းသည် အဝေးပြေးကားလက်မှတ် အရောင်းဌာနတစ်ခုလည်း ဖြစ်သည်။ 
ကိုဗစ်ကာလ ခရီးသည်ပို့ဆောင်ရေး အဝေးပြေး ကားများ ပိတ်ထားချိန် ယင်းလုပ်ငန်းက အိမ်စီးကား၊ အငှားယာဉ် စသည့် ယာဉ်ငယ်များဖြင့် ပုံမှန်ထက် လေး၊ ငါးဆကြီးမြင့်သည့်ဈေးနှုန်းဖြင့် ခရီးသည် ပို့ဆောင်ပေးလျက်ရှိသည်။

ခရီးသွားလိုကြောင်းနှင့် ကျန်းမာကြောင်း ဆေးလက်မှတ်ရလိုကြောင်း ပြောကြားသောအခါ ကျပ်နှစ်သောင်းဖြင့် ဆေးလက်မှတ်ရနိုင်မည့်အကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သည်ဆိုသော အမျိုးသားက ပြောကြားသည်။ 

ကိုဗစ် ဆေးစစ်ချက်၊ ကျန်းမာကြောင်း ဆေးလက်မှတ် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဒေသသို့ သွားသွား Quarantine ဝင်ရမည်သာဖြစ်၍ ကုန်ကျ စရိတ်သာပိုပြီး အကြောင်းမထူးဟု ၎င်းက ပြောသည်။

''အဲဒီတော့ ဘာမှမထူးဘူး။ ဒီတိုင်းပဲ အလွတ်သွားနေကြတာပဲ'' ဟု အဆိုပါအမျိုးသားက ပြောကြားသည်။ 

သွားလာရေးကန့်သတ်ထားချိန် အခက်အခဲများ ကြားမှ သွားရသည်ဖြစ်၍ ခရီးသည်က တောင်းဆိုလျှင် ၎င်းတို့က ကူညီသည့်အနေနှင့် ဆေးလက်မှတ်ကို လုပ်ပေးခြင်းသာဖြစ်ကြောင်း အဆိုပါအမျိုးသားက ထပ်မံပြောကြားသည်။ 



ကျန်းမာကြောင်း ဆေးလက်မှတ်သပ်သပ်ကို သာ ရောင်းချပေးရန် တောင်းဆိုသောအခါ ၎င်းတို့ ပို့ဆောင်ပေးသည့် ကားဖြင့် ခရီးမသွားဘဲ ရောင်းချ မပေးနိုင်ကြောင်းဖြင့် ၎င်းက ငြင်းပယ်သည်။ 
ဆေးလက်မှတ်ဝယ်ယူပြီး ၎င်းတို့ကားဖြင့် ခရီး သွားမှသာ စစ်ဆေးရေးဂိတ်များတွင် ပြဿနာတစ်စုံ တစ်ရာ ရှိလာလျှင် တာဝန်ယူဖြေရှင်းပေးနိုင်မည်ဖြစ် ကြောင်း ၎င်းက အခိုင်အမာပြောဆိုသည်။

၎င်းတို့ကားဖြင့် လိုက်ပါမည့်အကြောင်း စာရင်း ပေးပြီးနောက် ခရီးသွားရန် ချိန်းဆိုသည့်ရက်တွင် ၎င်းတို့ ခရီးသွားလုပ်ငန်းက ချိတ်ဆက်ပို့ဆောင်ပေးသည့် အငှားယာဉ်ဖြင့် အမြန်လမ်းအတိုင်း The Voice Daily က လိုက်ပါခဲ့သည်။ 

ယာဉ်၏ ရှေ့ခန်းတွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ နောက်ခန်းတွင် အသက် ၂၆ နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်းခရီးသည် လေးဦး လိုက်ပါခဲ့ ကြသည်။ 

အမြန်လမ်း ဇီးရိုးမိုင် တိုးဂိတ်အကျော် သမ္ဗုဒ္ဓေ ဘေးရန်ကင်းစေတီရှေ့အရောက် ကားကိုရပ်ကာ ခရီးသည်သုံးဦးအတွက် ဆေးလက်မှတ်သုံးရွက်ကို ယာဉ်မောင်းကိုယ်တိုင် အိတ်ထောင်ထဲမှ ထုတ်ပြီး ရေးပေးခဲ့ခြင်းဖြစ်သည်။ 

ခန္ဓာကိုယ်အပူချိန် တိုင်းတာခြင်း၊ လတ်တလော ခရီးသွားရာဇဝင်ရှိ၊ မရှိနှင့် ကိုယ်လက် အင်္ဂါကျန်းမာကြောင်း အမှန်တကယ်စစ်ဆေးခြင်းမရှိဘဲ ကိုယ်ရေးအချက် အလက်ကိုသာမေးပြီး ရေးပေးလိုက်ခြင်းဖြစ်သည်။  

ခရီးသွားမည့်နေ့နံနက်က ချိန်းဆိုထားသည့် အချိန် ကားရောက်မလာ၍ ဖုန်းဆက်မေးမြန်းသော အခါ တစ်နေရာတွင် ဆေးလက်မှတ်ဝင်ယူနေသဖြင့် အချိန်ကြာနေခြင်းဖြစ်ကြောင်း ယာဉ်မောင်းက ပြန်လည်ဖြေကြားသည်။ 

ထို့ကြောင့် ယင်းလက်မှတ်ယူရသည့် သီးခြားနေရာရှိသည့်သဘောဖြစ်နိုင်ခြင်းကြောင့် ၎င်းကိုယ်တိုင် ရောင်းချသည်နှင့် ရယူရသည့်နေရာ အတိအကျမသိရှိရပေ။

ရန်ကုန်မြို့တွင်လည်း (မော်တော်ယာဉ်ဖြင့်) ခရီးသွားရန်တရားဝင်ကိုဗစ်ဆေးစစ်ပေးသည့်နေရာ မရှိသောကြောင့် ယင်းသို့ ကျန်းမာကြောင်း ဆေးလက်မှတ် ဝယ်ယူလိုက်ကြခြင်းဖြစ်သည်။ 
နယ်မှ ရန်ကုန်သို့ လာရောက်အလုပ်လုပ်ကိုင် သူများအတွက် ရန်ကုန်တွင် သန်းခေါင်စာရင်းမရှိခြင်း၊ ဧည့်စာရင်းမရှိခြင်းကြောင့်ဆိုကာ ရပ်ကွက်နေထိုင် ကြောင်း ထောက်ခံစာပြုလုပ်ပေးရန် ရပ်ကွက်ရုံးအချို့ က ငြင်းပယ်သည်။ 



ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာရလိုလျှင် ပထမအဆင့်ဧည့်စာရင်းတိုင်ရမည်ဖြစ်ပြီး တစ်ပတ်ခန့် ကြာမှ သာလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့က ပြုလုပ်ပေးခြင်းဖြစ်သည်ကိုလည်း တွေ့ရှိရသည်။ 

ယင်းသို ကြန့်ကြာသည့် အနေအထားတွင် အရေးပေါ်ခရီးသွားရမည်ဖြစ်၍ ဒေသန္တ ပြည်သူ့/ကျန်းမာရုံး သို့ ထပ်သွားကာ ဆေးလက်မှတ်ပြုလုပ်လိုတော့ခြင်း မရှိဘဲ ဝယ်ယူလိုက်ခြင်းဖြစ်သည်ကိုလည်း တွေ့ရှိရသည်။

မန္တလေးမြို့သို့ ခရီးသွားရန် ကျန်းမာကြောင်း ဆေးလက်မှတ်ကို ငွေကျပ်တစ်သောင်းဖြင့် ဝယ်ယူခဲ့ရ သည့် ရန်ကုန်မြို့မှ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးကိုလည်း The Voice Daily က တွေ့ဆုံ မေးမြန်းခဲ့သည်။ 

''(ကားဂိတ်က) အချင်းချင်း လုပ်ပေးလိုက်မယ် ဆိုပြီး တစ်သောင်းနဲ့ လုပ်ပေးလိုက်တာ။ ကျန်တဲ့လူတွေ လည်း တစ်သောင်းခွဲ၊ နှစ်သောင်း အစရှိသဖြင့် သူ့ ဈေးနဲ့သူ လုပ်ပြီး သွားကြတာ'' ဟု ၎င်းက ပြောကြားသည်။ 



၎င်းခရီးသွားချိန် ခရီးသည်လေးဦးလိုက်ပါပြီး လေးဦးစလုံး ကျန်းမာကြောင်း ဆေးလက်မှတ်ကို ဝယ်ယူပြီး စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းခရီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောကြားသည်။ 

''မိတ္ထီလာဂိတ်ရောက်တဲ့အခါ မေးတာမြန်း တာတော့ ရှိတယ်။ ထောက်ခံစာပါလားဆိုတော့ အဲဒါပြလိုက်တဲ့အခါ ရှောရှောရှုရှုနဲ့ ကျွန်တော် မန္တလေးရောက်သွားတယ်''  ဟု ၎င်းက ပြောကြားသည်။ 

ယင်းခရီးသည် ဝယ်ယူခဲ့သည့် ဆေးလက်မှတ် တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လှိုင်သာယာ မြို့နယ်စာပါ တံဆိပ်တုံးအဝိုင်းအကြီး၊ မြို့နယ်ဌာနမှူး ၏ လေးထောင့်တံဆိပ်တုံးနှင့် လက်မှတ်ပါဝင်သည်ကို တွေ့ရှိရသည်။ 

The Voice Daily ကဝယ်ယူခဲ့သည့် ဆေးလက်မှတ် ညာဘက်အပေါ်ထောင့်တွင်လည်း ယင်းဆေးလက်မှတ်ကဲ့သို့ပင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ လှိုင်သာယာမြို့နယ် စာတမ်းပါ တံဆိပ်တုံးအဝိုင်းအကြီး ရိုက်နှိပ်ထားသည်။ 

သို့သော် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌနမှူး လက်မှတ်ရေးထိုးသည့်နေရာတွင်မူ ယင်းမြို့နယ် ဌာနမှူး ကိုယ်စား အခြားဆရာဝန်တစ်ဦးက ကိုယ်စားရေးထိုးထားသည့် လက်မှတ်ပါရှိသည်။ 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လှိုင်သာယာမြို့နယ်မှ အရာရှိဆရာဝန်ကြီးထံ ကျန်းမာ ကြောင်း ဆေးလက်မှတ်နှစ်စောင်လုံးကို ပြသသော အခါ 'အတု' များသာဖြစ်ကြောင်း ၎င်းက အချက် လေးချက်ဖြင့် ထောက်ပြသည်။ 

ပထမအချက် ဆေးလက်မှတ်၏ ညာဘက်အပေါ် ထောင့်ရှိ တံဆိပ်တုံးအဝိုင်းသည် ယင်းမြို့နယ် ပြည်သူ့။ ကျန်းမာဌာန တရားဝင်အသုံးပြုနေသည့် တံဆိပ်တုံး အဝိုင်းထက် အရွယ်အစားကြီးနေသည်ဟု ၎င်းက ဆိုသည်။ 

ဒုတိယအချက် ဆေးလက်မှတ် နှစ်စောင်လုံး၏ စာအမှတ်များ မှားနေကြောင်း၊ တတိယအချက် လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အရာရှိဝန်ထမ်းများ၏ လက်ရေးမဟုတ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

အရေးကြီးဆုံးအနေနှင့် ရေးထိုးထားသည့် လက်မှတ်များသည် ယင်းမြို့နယ် ပြည်သူ့။ကျန်းမာဌာန အရာရှိများ၏ လက်မှတ်ပုံစံဖြစ်သော်လည်း မိတ္တူ ကူးယူကာ အသုံးပြုထားခြင်းသာဖြစ်ကြောင်း ဆရာဝန် ကြီးက ပြောကြားသည်။ 

မြို့နယ် ပြည်သူ့/ကျန်းမာအနေနှင့် ကျန်းမာ ကြောင်းဆေးစစ်ရာတွင် အပူချိန်တိုင်းပြီး သေသေချာချာ စစ်ဆေးပြီးမှ လက်ခံစာရင်း ရေးသွင်းကာ ထုတ်ပေး ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 
ထို့ပြင် လှိုင်သာယာ ပြည်သူ့/ကျန်းမာဌာန တရားဝင် ထုတ်ပေးသည့် ဆေးလက်မှတ်တွင် ကိုဗစ်ကင်း ကြောင်း မပါသလို ခရီးသွားလာရန်အတွက်မဟုတ်ကြောင်းကိုလည်း တစ်ပါတည်း ဖော်ပြခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လှိုင်သာယာမြို့နယ်မှ အရာရှိဆရာဝန်ကြီးက ''အခု ယူလာတဲ့စာရွက်တွေက လုံးဝမှားနေတယ်ဆိုတာ ပေါ်လွင်ပါတယ်'' ဟု ပြောကြားသည်။ 
လှိုင်သာယာမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများအနေနှင့် ယင်းသို့ လုပ်ဆောင် ပြီး ကျပ်သောင်းဂဏန်းဖြင့် တရားမဝင်ရောင်းချခြင်း မရှိကြောင်းကိုလည်း ၎င်းက အာမခံပြောကြားသည်။ 

ကျန်းမာကြောင်း ဆေးလက်မှတ် 'အတု'ကို အသုံးပြု၍ စစ်ဆေးမှုတင်းကျပ်သည်ဆိုသော ရန်ကုန် နှင့် ပဲခူးနယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်ကို The Voice Daily က ခရီးသွားအနေနှင့် ဖြတ်သန်း ကြည့်ခဲ့သည်။

ပဲခူးတိုင်းအဝင် စစ်ဆေးရေးဂိတ်တာဝန်ကျ လူငယ်ဝန်ထမ်းအမျိုးသားက ယင်းလက်မှတ်သည် ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးလက်မှတ်သာ ဖြစ်၍ ပဲခူးဘက်သို့ သွားလာခွင့်မပေးနိုင်ကြောင်း ပြောကြားသည်။ 

ပဲခူးမြို့ထဲအထိမသွားဘဲ မြို့အပြင်ဘက် ဆွေမျိုး အိမ်သို့ အရေးကြီးကိစ္စဖြင့် နာရီပိုင်းသာသွားမည် ဖြစ်ကြောင်း ပြောကြားရာ ယင်းဂိတ်အရာရှိကို သတင်း ပို့ပြီး လူမှုရေးအရ ဖြတ်သန်းခွင့်ပေးခဲ့သည်။

ထိုသို့ ဖြတ်သန်းကြည့်ချိန်တွင် တာဝန်ကျ လူငယ်ဝန်ထမ်း အမျိုးသားအနေနှင့် တစ်စုံတစ်ရာ ငွေကြေးတောင်းခံခြင်း၊ တင်းတင်းမာမာပြောဆိုခြင်း မရှိဘဲ ယဉ်ကျေးစွာ ရှင်းပြပြောဆိုသည်ကို တွေ့ရှိခဲ့ရသည်။

ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ချက် 'အတု'ဖြင့် ခရီးသွားလာခဲ့သည့် အသက် ၄၀ ခန့်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦးကိုလည်း The Voice Daily က သီးခြားတွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့သည်။ 

''ကျွန်တော့်လုပ်ငန်း အထက်ကပေးလိုက်တဲ့ စာရွက်မှာ ကျွန်တော်ကိုယ်တိုင် လက်ရေးမူနဲ့ဖြည့်ပြီး ရေးပြီးသွားနေတာ။ သူတို့က ပရင့်ထုတ်ပြီးသား ကျွန်တော့်ကို ပေးတာပါ'' ဟု ၎င်းက ပြောကြားသည်။ 

ဆေးစစ်ခံယူသူ၏ ဓာတ်ပုံမပါသည့် ကိုဗစ် ကင်းရှင်းကြောင်း ဆေးစစ်ချက်ကို ပရင့်ထုတ်ယူပြီး အချက်အလက် ဖြည့်သွင်းထားသည့်နေရာများတွင် စာကို ဖြောက်ကာ အတုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

၎င်းအနေနှင့် ပထမတစ်ကြိမ်သာ ကိုဗစ်စစ်ဆေးခဲ့ပြီး ယင်းနောက်တွင် လုပ်ငန်းအဖွဲ့အစည်းကပေးသည့် ကိုဗစ်ဆေးစစ်ချက် 'အတု' ဖြင့် ခရီးစဉ် ငါးခေါက်၊ ခြောက်ခေါက် ခရီးသွားကုန်ပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

''ကိုဗစ် ကူးစက်ပြန့်ပွားမှာကို ထည့်မစဉ်းစားခဲ့ဖူး လားဆိုတော့ စဉ်းစားတယ်။ ဒါပေမဲ့ နှာခေါင်းထိုးမှာ ကြီးကို ကြောက်နေတာ။ အမှန်တကယ်ပြန်စစ်တဲ့ အချိန် ကိုဗစ်ပိုးမတွေ့တော့ ဝမ်းသာပါတယ်'' ဟု ၎င်းက ပြောကြားသည်။ 

၎င်း၏ အမည်ဖော်ပြခွင့်နှင့် ယင်းသို့ ကိုဗစ် ဆေးစစ်ချက်စာရွက် 'အတု' ပြုလုပ်ပြီး ထုတ်ပေး သည့် လုပ်ငန်းအမည်ကို ဖော်ထုတ်ပေးရန် တောင်းဆို သော်လည်း လုံခြုံရေးအရ မဖြစ်နိုင်ကြောင်း ၎င်းက ငြင်းပယ်သည်။

ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာနှင့် ဝင်/ထွက် ခွင့်ကတ် 'အတု'လုပ်သည်ဆိုသော မန္တလေး အမရပူရမြို့၊ နတ်ရေကန်ရွာအုပ်စုမှ မိတ္တူဆိုင် တစ်ဆိုင်ကို အရေးယူခဲ့သည့်ဖြစ်စဉ် ယခုလဆန်းပိုင်း ဖြစ်ပွားခဲ့သေးသည်။ 

ရတနာပုံတံတားထိပ်စစ်ဆေးရေးဂိတ်တွင် လည်း အမရပူရမြို့နယ် ကျန်းမာရေးဌာန ဆရာဝန်ကြီး ၏ လက်မှတ်နှင့် ရုံးတံဆိပ်တုံးများကို အတုလုပ်ထား သည့် ထောက်ခံစာအချို့ ကုန်တင်ယာဉ်တစ်စီးထံမှ တွေ့ရှိခဲ့သဖြင့် အရေးယူခဲ့သည်။

ကိုဗစ်စစ်ဆေးရေး တိုကင်ဈေးကွက်

ကိုဗစ်စစ်ဆေးခွင့်ရမည့် တိုကင်ရရှိစေရန် ပွဲစားနှင့် တိုကင်ထုတ်ပေးသူအချို့ပေါင်းပြီး တရားဝင်ပေးရသည့် ငွေကြေးထက် နှစ်ဆ၊ သုံးဆ ပိုမိုတောင်းခံကာ လုပ်ဆောင်ပေးလျက်ရှိသည်။ 
ကိုဗစ်ဒုတိယလှိုင်းတွင် ကုန်စည်စီးဆင်းမှု မပြတ်စေရန် ရန်ကုန်-ပဲခူးအစပ် မင်းလွင်ကုန်းနှင့် အမြန်လမ်းအစ ဇီးရိုးမိုင်တွင် ကုန်တင်ယာဉ်မောင်း၊ ယာဉ်အကူတို့အတွက် အစိုးရက RDT ဖြင့် ကိုဗစ် စစ်ဆေးပေးလျက်ရှိသည်။ 

ယင်းစင်တာများတွင် စင်တာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်း ခြောက်ဦးစီပါဝင်သည့် အဖွဲ့ခြောက်ဖွဲ့ ဖြင့် အလှည့်ကျ ကိုဗစ်ဆေးစစ်ပေးနေခြင်း ဖြစ်သည်။ 

အမြန်လမ်း ဇီးရိုးမိုင်စစ်ဆေးရေးစင်တာတွင် စေတနာ့ဝန်ထမ်းအကူများရှိသော်လည်း မင်းလွင်ကုန်းစစ်ဆေးရေးစင်တာတွင်မူ စေတနာ့ဝန်ထမ်းမရှိပေ။ 

ထို့ကြောင့် အချို့ရက်များတွင် ကျန်းမာရေး ဝန်ထမ်းတစ်ဦးတည်းကသာ အမည်ခေါ်၊ ပိုက်ဆံကောက် (အစိုးရသို့ တရားဝင်ပေးရသည့် ကျပ်တစ်သောင်း) ဆေးစစ်၊ ပိုးသတ်ဆေးဖြန်း လုပ်ဆောင်ရသည်ကို တွေ့ရှိရသည်။ 

မင်းလွင်ကုန်း စစ်ဆေးရေးစင်တာတွင် တရားဝင်စစ်ဆေးခွင့်ရှိသည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်အကူများသည် ကိုဗစ်စစ်ဆေးရန် ရဲကင်းသတင်းပို့ နေရာသို့ ပထမအဆင့် အချက်အလက်ပေးကာ တိုကင်ထုတ်ယူရသည်။ 

တိုကင်ရလျှင် တိုကင်၏ကျောဘက်စာမျက်နှာ အလွတ်တွင် ဆေးစစ်မည့်သူ၏ အမည်၊ တိုကင် နံပတ်စဉ်နှင့် ကားနံပတ်ကို ရေးကာ၊ မှတ်ပုံတင်နှင့် တိုကင်ပြသပြီး ပညာရေးဝန်ထမ်း ဆရာမများထံ စာရင်းပေးရသည်။ 

၎င်းတို့၏ အချက်အလက်များကို အစိုးရထုတ်ပေး ထားသည့် တရားဝင် ကိုဗစ်ဓာတ်ခွဲနမူနာ ထောက်ခံ ချက်စာရွက်နှင့် လက်ခံစာရင်းတွင် ပညာရေးဝန်ထမ်း ဆရာမများက အချက်အလက်ဖြည့်သွင်းပေးရခြင်း ဖြစ်သည်။ 

ပညာရေးဝန်ထမ်းများ ဖြည့်သွင်းပြီးသော ယင်းထောက်ခံချက်စာရွက်ပါ အမည်၊ အမှတ်စဉ် အလိုက် ကျန်းမာရေးဝန်ထမ်းများက ခေါ်ယူကာ ကိုဗစ် ရှိ၊ မရှိ ကျပ်တစ်သောင်းဖြင့် ဆေးစစ်ပေးခြင်းဖြစ်သည်။ 

နာရီဝက်ကျော်အကြာတွင် စစ်ဆေးသူဦးရေ အလိုက် ခွဲကာ ကိုဗစ်ဓာတ်ခွဲနမူနာအဖြေပါ ထောက်ခံ ချက် စာရွက်ကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး၏ တံဆိပ်တုံး၊ တာဝန်ခံလက်မှတ်ဖြင့် ထုတ်ပေးခြင်းဖြစ်သည်။ 

ကိုဗစ်ပိုးမတွေ့လျှင် ဓာတ်ခွဲနမူနာထောက်ခံချက် စာရွက်တွင် Not Detected ရွေးချယ်ပေးပြီး ပိုးတွေ့လျှင် Detected ကို ရွေးချယ်သည့်အပြင် ယင်းစာရွက်၏ ဘယ်ဘက်အပေါ်ထောင့်တွင် Positive ဟု ထင်ရှားစွာ ရေးသားသည်။ 

ကိုဗစ်ဆေးစစ်မှုရလဒ်ထုတ်ပေးရာတွင် Positive ပိုးတွေ့သူပါလျှင် ထိုသူကို ဦးစွာ ခေါ်ထုတ် သည့်အပြင် ဆက်စပ်သူများကိုပါ တစ်ပါတည်း ပိုးတွေ့လူနာအတွက် သီးခြား သတ်မှတ်ထားသည့် နေရာသို့ ခွဲခြားနေထိုင်စေသည်။ 

ယင်းနောက်မှ လူနာတင်ယာဉ်ဖြင့် ကုသရေး စင်တာများသို့ ထပ်မံပို့ဆောင်ပေးခြင်းဖြစ်သည်။ 
သို့သော် ယင်းကိုဗစ်စစ်ဆေးရေးစင်တာတွင် ကုန်တင်ယာဉ်မောင်း၊ ယာဉ်အကူများသာမက အနယ်နယ်အရပ်ရပ်သို့ ခရီးသွားလိုသူများလည်း တရားမဝင် ငွေကြေးပေးကာ လာရောက်စစ်ဆေး သည်ကို The Voice Daily က စုံစမ်းခဲ့သည်။ 

မင်းလွင်ကုန်း ကိုဗစ်စစ်ဆေးရေးစင်တာသို့ သွားရောက်စုံစမ်းခဲ့ရာတွင် ပွဲစားများနှင့် တိုကင် ထုတ်ပေးသူဝန်ထမ်းအချို့ ပေါင်းကာ တရားမဝင် ငွေကြေးတောင်းယူပြီး ကိုဗစ်စစ်ဆေးခွင့်ရရေး တိုကင်ရရှိအောင် လုပ်ပေးနေခြင်းဖြစ်သည်။ 

မင်းလွင်ကုန်း ကိုဗစ်စစ်ဆေးရေးစင်တာက ထုတ်ပေးသည့် တိုကင်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လှည်းကူးမြို့နယ်၏ တံဆိပ်တုံး ပါရှိပြီး ရဲတပ်ဖွဲ့က ထုတ်ပေးသည်ကို တွေ့ရှိရသည်။ 

ပွဲစားက တိုကင်ထုတ်ပေးသူတစ်ဦးထံ ဖုန်းဆက်သွယ်ပြီး တိုကင်ရနိုင်၊ မရနိုင်၊ တိုကင်ရလျှင် ဆေးစစ်ရမည့်အချိန်၊ နံပါတ်ကို ပြောဆိုမှာကြားခြင်း ဖြစ်သည်။ 

တိုကင်ထုတ်ပေးသူကလည်း ရနိုင်သည့် အရေအတွက်၊ လူကြီးစစ်ဆေးရေးလမ်းကြောင်းရှိ၊ မရှိ၊ နေ့အလိုက် ကုန်တင်ယာဉ်မောင်း၊ ယာဉ်အကူ ဦးရေ အနေအထားအရ တိုကင်ရနိုင်၊ မရနိုင် အခြေအနေညှိနှိုင်း ကြခြင်းဖြစ်သည်။

တရားဝင် ကိုဗစ်စစ်ဆေးခွင့်ရသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်အကူများအနေနှင့် အစိုးရထံ သို့ ကိုဗစ်ဆေးစစ်ခအတွက် ကျပ်တစ်သောင်းသာ တရားဝင်ပေးချေရခြင်းဖြစ်သည်။ 

ပွဲစားနှင့် ချိတ်ဆက်ပြီး ဆေးစစ်လျှင် တရားဝင်ပေးရသည့် ကျပ်တစ်သောင်းအပြင် တိုကင်ယူပေးသူ ပွဲစားနှင့် တိုကင်ထုတ်ပေးသူအတွက် ကျပ်တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း စသည်ဖြင့် နှစ်ဆ၊ သုံးဆပေးရခြင်းဖြစ်သည်။

အခြားပွဲစားတစ်ဦးထံ မေးမြန်းကြည့်သော အခါ တရားဝင်ပေးရသည့် ကျပ်တစ်သောင်းအပြင် ထပ်ဆောင်းအနေနှင့် ကျပ်နှစ်သောင်းပေးလျှင် ကိုဗစ်ဆေးစစ်ရန် တိုကင်ရနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်ဖြေကြားသည်။

လှည်းကူး မင်းလွင်ကုန်း ကိုဗစ်စစ်ဆေးရေး စင်တာတွင် ခရီးသွားရန်အတွက် ရန်ကုန်မြို့တွင်းမှ အိမ်စီးကား၊ အငှားကားများဖြင့် နေ့စဉ်လာရောက် ဆေးစစ်သူ ဆယ်ဂဏန်းအထိရှိသည်ကို တွေ့ရှိခဲ့သည်။   

ခရီးသည်ပို့ဆောင်ပေးသည့် လှိုင်သာယာမြို့နယ်မှ ကိုရဲလင်းအောင်က ၎င်း၏ကားဖြင့် ခရီးသည်လိုက်ပို့ရမည်ဖြစ်ပြီး ယင်းသို့ တရားဝင် စစ်ဆေးပေးသည့်နေရာမရှိသောကြောင့် လာရောက် ဆေးစစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

ကုန်တင်ယာဉ်မောင်း၊ ယာဉ်အကူများသာ ဆေးစစ် ပေးသည့်နေရာတွင် တရားမဝင်ငွေကြေး ပေးကာ ဆေးစစ်ရသော်လည်း လုံးဝဆေးမစစ်ဘဲ သွားလာမှုဖြင့်ယှဉ်လျှင် ပိုဘေးကင်း၍ စစ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။  

ကားဖြင့်သွားမည့် ခရီးသည်များ၊ ယာဉ်မောင်းများအတွက်ကိုလည်း သီးသန့်ဆေးစစ်ပေးရန် အတွက် ''နေရာလေး လုပ်ပေးစေချင်ပါတယ်'' ဟု ကိုရဲလင်းအောင်က ပြောကြားသည်။ 

အစိုးရက ပြည်တွင်းလေကြောင်းခရီးသည်များကို ကိုဗစ်ဆေးစစ်ပြီး သွားလာခွင့်ပြုသော်လည်း ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်တွင်း ခရီးသည်ပို့ဆောင်မှု အဝေးပြေးယာဉ်လိုင်းများကိုမူ ပိတ်ထားဆဲဖြစ်သည်။ 

ခရီးသွားများအနေနှင့်လည်း မဖြစ်မနေသွား ရမည့်အနေအထားကြောင့် စစ်ဆေးရေးဂိတ်များကို အလွယ်တကူ ဖြတ်သွားနိုင်ရန်၊ ရောဂါပြန့်ပွားမှု နည်းစေရန် ယင်းသို့ တရားမဝင်ငွေကြေးပေးကာ လုပ်ဆောင်ကြခြင်းဖြစ်သည်။ 

တရားဝင် ဆေးစစ်ခ ကျပ်တစ်သောင်းအပြင် ပိုပေးရသည့် ငွေကြေးများသည် ကျန်းမာရေးဝန်ထမ်း များက တောင်းယူခြင်းမဟုတ်ကြောင်း ကိုဗစ် ဆေးစစ်ပေးသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။ 

''ကျန်းမာရေးဝန်ထမ်းတွေကို ငွေပေးရင် စစ်လို့ ရတယ်လို့ ပြောနေကြတာ။ ကျွန်မတို့ အပြောခံနေရတယ်။ ကျွန်မတို့က ကိုဗစ်စစ်ပေးတာပဲလုပ်တာ'' ဟု ၎င်းက ပြောသည်။ 

ကျန်းမာရေးဌာနအနေနှင့် ၎င်းတို့ထံရောက်လာသည့် ကိုဗစ်ဓာတ်ခွဲနမူနာထောက်ခံချက်စာရွက်ပါ အမည်အတိုင်း စာရင်းခေါ်ကာ တရားဝင် ကျပ်တစ်သောင်း ကောက်ခံပြီး ကိုဗစ်စစ်ဆေးပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် ဓာတ်ခွဲအဖြေအတိုင်း မှားယွင်းမှုမရှိ ရေးသာ လုပ်ဆောင်ကြောင်းနှင့် ပိုးတွေ့လျှင် လူနာ နှင့် ထိစပ်သူများကို သီးသန့်ခွဲထားရေး၊ ကုသရေး စင်တာများသို့ ပို့ဆောင်ရေးသာ လုပ်ဆောင် ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ 

ခရီးသွားများထံမှ တရားမဝင် ငွေကြေးရယူပြီး တိုကင်ထုတ်ပေးမှုများ ရှိနေခြင်းနှင့်ပတ်သက်၍ ဖြေရှင်းချက်ရရှိရန် လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ထံ The Voice Daily က နှစ်ရက်တိုင် သွားရောက်ခဲ့သည်။

ပထမရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ကာ မွန်းလွဲပိုင်း ၃နာရီကျော်မှစ၍ ညနေ ၆နာရီကျော်အထိ စောင့်ဆိုင်းသော်လည်း အလုပ် မအားလပ်သဖြင့် လက်ခံဖြေကြားခြင်းမရှိပေ။ 
လှည်းကူးမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဆရာဝန်ကြီးလည်းဖြစ်သူ၊ မြို့နယ်အဆင့် ကိုဗစ် ကာကွယ်ရေး ကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာရန်နိုင်ဆွေကိုသာ မေးမြန်းရန် ၎င်း၏ ဝန်ထမ်းမှတစ်ဆင့် ပြောကြားခဲ့သည်။ 

ဒုတိယရက် ထပ်မံသွားရောက်သောအခါတွင် ''မနေ့ကလည်း လာတယ်ဆိုလို့ အားနာလို့ အခု ငါလက်ခံတွေ့တာ'' ဟု ကနဦး ပြောကြားသည်။ 

လှည်းကူး မင်းလွင်ကုန်း ကိုဗစ်စစ်ဆေးရေး စင်တာနှင့် အမြန်လမ်း ဇီးရိုးမိုင်တွင် ကိုဗစ်ဆေး စစ်ပေးမှုများ သိရှိလိုကြောင်း ပြောကြားသောအခါ ယင်းစင်တာ တာဝန်ခံများကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားသည်။ 

လှည်းကူး မင်းလွင်ကုန်းစင်တာတွင် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တံဆိပ်တုံးပါသည့် တိုကင်များကို တရားမဝင် ငွေကြေးရယူပြီး ခရီးသွားများကိုပါ စစ်ဆေးပေးမှုအကြောင်း မေးမြန်းရန် The Voice Daily က ကြိုးစားခဲ့သည်။ 

သို့သော် မေးခွန်းမမေးမီပင် မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ကာပြကာ ''ငါလည်း မအားဘူး။ အလုပ် ရှိသေးတယ်'' ဟုပြောဆိုပြီး ဖုန်းနှင့် ပုတီးကိုယူကာ ထိုင်ခုံမှထ၍ ၎င်း၏ရုံးခန်းအတွင်းမှ ဦးစွာ ထွက်သွားသည်။ 

ရန်ကုန်-ပဲခူးအစပ်တွင် ကိုဗစ်ဆေးစစ်ချက် ပါ၊ မပါ စစ်ဆေးသော်လည်း ယင်းဂိတ်ကို ကျော်လွန်သွား နိုင်မည့် လမ်းကြောင်းမှ ဆိုင်ကယ်သမားအချို့က ငွေကြေးယူကာ လမ်းပြပို့ဆောင်ပေးသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ 

လှည်းကူး မင်းလွင်ကုန်း ကိုဗစ်စစ်ဆေးရေး စင်တာတွင် တစ်နေ့လျှင် ရာဂဏန်းဖြင့် ကိုဗစ် စစ်ဆေးပေးနေရာ ဒီဇင်ဘာ ၁၇ ရက်အထိ အမှတ်စဉ် များအရ ကိုဗစ်ဆေးစစ်သူဦးရေ ၁၂၀ဝ၀ ခန့်ရှိပြီဖြစ်သည်။ 

အမြန်လမ်း ဇီးရိုးမိုင် ကိုဗစ်စစ်ဆေးရေးစင်တာ တွင်လည်း တစ်နေ့လျှင် ရာဂဏန်းဖြင့် ဒီဇင်ဘာ ၁၉ ရက်အထိ အမှတ်စဉ်များအရ ကိုဗစ်ဆေးစစ်သူဦးရေ ၁၉၀ဝ၀ ခန့်ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၂၀ ရက်အထိ စာရင်း အရ ကိုဗစ်အတည်ပြုလူနာ ၁၁၆,၁၃၄ ဦး၊ သေဆုံးသူ ၂၄၄၃ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၉၅,၃၈၇ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။  

The Voice Daily