News

POST TYPE

COVID 19

ပဲခူးတိုင်းမှ အသက် ၁ဝဝ အရွယ် ပိုးတွေ့လူနာ ဆေးရုံဆင်းခွင့်ရရှိ
16-Dec-2020


တောင်ငူ၊ ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းအတွင်း အသက်အကြီးဆုံး ကိုဗစ်ပိုးတွေ့လူနာ အသက် ၁ဝဝ အရွယ်အဘွားအိုသည် ရောဂါပျောက်ကင်းသွားပြီဖြစ်၍ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ရေတာရှည်မြို့နယ် သိုင်းနယ်အုပ်စု ချောင်းမကြီးကျေးရွာမှ အသက် ၁၀၀ အရွယ်အဘွားအို ရောဂါသက်သာ ပျောက်ကင်းပြီဖြစ်၍ ပိုးတွေ့ပြီ ၁၀ ရက်အကြာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တောင်ငူဆေးရုံကြီးမှ ပြန်ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

“သူနဲ့အတူ ပိုးတွေ့တဲ့ သူ့သမီးပါဆင်းခွင့်ရတာ။ အသက်ကြီးပြီဆိုတော့ နည်းနည်းစိုးရိမ်တာမို့ တောင်ငူဆေးရုံကို ရွေ့ပြောင်းလိုက်တာ။ဒီနေ့(ဒီဇင်ဘာ ၁၆)မနက် ရေတာရှည်မြို့က ပရဟိတအဖွဲ့တစ်ခုက လာကြိုသွားပါပြီ” ဟု တောင်ငူခရိုင်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ အာကာက ပြောကြားသည်။

ရေတာရှည်မြို့နယ် သိုင်းနယ်အုပ်စု ချောင်းမကြီးကျေးရွာသည် ပဲခူးရိုးမအတွင်းရှိနေသည့် တောခေါင်ခေါင် ဒေသဖြစ်နေသော်လည်း ရန်ကုန်မှ ရေတာရှည်မြို့ သို့ပြန်လာသူများ ခေတ္တခိုလှုံရာနေရာတစ်ခုဖြစ်နေသည့် အတွက် ၎င်းတို့နှင့်ထိတွေ့မှုရှိခဲ့သည့် အသက် ၁၀၀ အရွယ်အဘွားအိုသည် ဒီဇင်ဘာ ၆ ရက်နေ့တွင် Covid-19 ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက် တာညီနန္ဒဆွေက ပြောကြားသည်။

“ရန်ကုန်ပြန်အချို့ကို အမေကြီးတို့အိမ်မှာလက်ခံထားမိတယ်လို့သိရတယ်။သိတဲ့အတိုင်း ကျေးလက်ကလူတွေက သဘောကောင်းကျတယ်လေ။ သူတို့တွေပိုးတွေ့တော့ ပရိုင်မာရီကွန်တက်အနေနဲ့ ကူးစက်ကုန်တာ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါသိုင်းနယ်ကျေးရွာအုပ်စုကို လက်ရှိတွင် Lockdown သတ်မှတ်ကာ အသွားအလာကန့်သတ်ထားပြီဖြစ်ပြီး ရန်ကုန်မှ ခိုးပြန်လာကြောင်း တိကျသည့်သက်သေအထောက်အထားရရှိပါက ကိုဗစ် ဥပဒေနှင့်အရေးယူရန် ပြင် ဆင်‌နေသည်ဟု ရေတာရှည်မြို့နယ်မှ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က ပြောကြားသည်။

ရေတာရှည်မြို့နယ်အတွင်း ဒီဇင်ဘာ ၆ ရက်နေ့က သံသယရှိသူ၊ရောဂါရှိသူများနှင့်ထိတွေ့ထားသူ စုစုပေါင်း ၁၂၃ ဦးကို နှာခါင်းတို့ဖတ်၊အာခေါင်တို့ဖတ်နမူနာယူ စစ်ဆေးရာမှ Covid-19 ပိုးတွေ့လူနာ ၁၀ ဦးရှိခဲ့သည့်အနက် အသက် ၁၀၀ အရွယ်အဘွားအိုပါဝင်လာခြင်းဖြစ်သည်။

R-02