News

POST TYPE

COVID 19

ကိုဗစ်ဆောင်းရာသီအတွက် အရေးပါသော ဗီတာမင်ဒီ
15-Dec-2020


‌ဆောင်းတွင်းကာလ၌ နေရောင်ခြည် ရရှိ မှုကျဆင်းခြင်း၊ ညတာရှည် သဖြင့် လူအများ အိပ်ရာထနောက်ကျခြင်း၊ နေ့တာ တိုခြင်း စသည်တို့ကြောင့် နေရောင်ခြည်မှပါလာသော သဘာဝဗီတာမင်ဒီ ရရှိမှုအခွင့်အလမ်းကို ဆုံးရှုံးကြရ သည်။ ထို့ပြင် COVID-19 ရောဂါ ကူးစက် ကာလဖြစ် သည့်အတွက် Stay at Home ရသဖြင့် ယခု ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီတွင် ဗီတာမင်ဒီ ဓာတ်ချို့တဲ့မှုများ မလွဲမသွေ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ယခုနှစ် ဆောင်းရာသီတွင် ဗီတာမင်ဒီ မချို့တဲ့ စေရန်အတွက် ဗီတာမင်ဒီဓာတ်ပါရှိသော ဖြည့်စွက်စာများကို ထည့်သွင်းစားသောက်ပေးသင့်ပါသည်။

ကိုရိုနာဗိုင်းရပ်စ် (လုံးဝ) ပျောက်ကွယ်သွားဖွယ် မရှိနိုင်

"ကိုရိုနာဗိုင်းရပ်စ် လုံးဝပျောက်ကွယ်သွားဖွယ် မရှိပါဘူး ... ဘယ်သူတစ်ဦးတစ်ယောက်မျှ COVID-19 ရောဂါ ပျောက်ကွယ်သွားမယ့်အချိန်ကို ဟောကိန်း မထုတ်နိုင်ပါဘူး ... ထို့တူ HIV ဗိုင်းရပ်စ်ဟာလည်း လုံးဝပျောက်ကွယ်မသွားပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ အဲဒီဗိုင်းရပ်စ်ကို လက်ခံထားရတာပါပဲ" ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေးပေါ်ကိစ္စရပ်များ ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မိုင်ရိုယ်ယန် က မေလ ဒုတိယပတ်တွင် သတိပေးထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကာကွယ်ဆေးတွေ့ခဲ့လျှင်လည်း ကိုရိုနာဗိုင်းရပ်စ် ကို ထိန်းချုပ်ရေးအတွက် အလွန်ကြီးမားကျယ်ပြန့် သည့် ကြိုးစားအားထုတ်မှုလိုအပ်မည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂအဖွဲ့  (UN) ကလည်း အဆိုပါကပ်ရောဂါသည် အထူးသဖြင့် စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကဏ္ဍတွင် ရင်းနှီး မြှုပ်နှံထားခြင်းမရှိသည့်နိုင်ငံများတွင် စိတ်ရောဂါနှင့် စိတ်သောကရောက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားလျက် ရှိသည်ဟု သတိပေးခဲ့သည်။ ကမ္ဘာ့နိုင်ငံများ၏ အစိုးရ များအနေဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက် များအား တုံ့ပြန်ဆောင်ရွက်နေမှု အားလုံးထဲတွင် ထည့် သွင်း စဉ်းစားသင့်သည့် အစိတ်အပိုင်းတစ်ရပ်အနေနှင့် ဆောင်ရွက်ရန်လည်း ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းထား သည်။

မြန်မာနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ စတုတ္ထပတ် ကတည်းက ရောက်ရှိလာခဲ့သော ကိုဗစ်-၁၉ ရောဂါသည် ယခုနှစ် ဆောင်းရာသီ ဒီဇင်ဘာလတွင် ၉ လခန့်ရှိနေ ပြီဖြစ်သည်။ ကိုဗစ်ခရီးက ဆက်လက်ရှည်လျားနေဦး မည်ဖြစ်၍ လူအများ Stay at Home နေရသည်နှင့် အမျှ နေရောင်ခြည်မှရရှိနိုင်သော တန်ဖိုးမြင့် သဘာဝ ဗီတာမင်ဒီကို ဆုံးရှုံးနေကြရဦးမည် ဖြစ်ပါသည်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်အတွက် အရေးပါသော ဗီတာမင်ဒီဓာတ်ကို အစားအစာကုထုံးဖြင့် ရွေးချယ် စားသောက်ပေးဖို့ လိုအပ်နေပါသည်။ 

ဆောင်းရာသီ ဗီတာမင်ဒီ စားသင့်သော အကြောင်းအရင်း

အစားအစာများတွင် ဗီတာမင်ဒီ ဖြည့်စွက်စာ များကို ထည့်သွင်းစားသောက်ခြင်းဖြင့် ဗီတာမင်ဒီ ဓာတ်ချို့တဲ့သည့် လက္ခဏာရပ်များဖြစ်ပေါ်မှုကို တားဆီး ကာကွယ်နိုင်မည်ဖြစ်ကြောင်း လေ့လာမှုတစ်ရပ်အရ တွေ့ရှိခဲ့သည်။ ဗီတာမင်ဒီဓာတ်သည် လူ့ခန္ဓာကိုယ် အတွက် အလွန်အရေးပါသည့်အရာဖြစ်ပြီး အရိုးများ၊ သွားများနှင့် ကြွက်သားများ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန် အထောက်အကူပြုသည်။ လုံလောက်သည့် ဗီတာမင်ဒီဓာတ်မရရှိပါက ခန္ဓာကိုယ်ထဲတွင် ကယ်လ်စီ ယမ် (သို့မဟုတ်) မီးစုန်း (ခေါ်) ဖော့စဖရက်စ် ပမာဏ လည်ပတ်ရန် ခက်ခဲသွားစေမည်ဖြစ်သည်။ ဗီတာမင် ဒီဓာတ် အလွန်အမင်းချို့တဲ့ခြင်းသည် အရိုးများ ပုံသဏ္ဌာန် မမှန် ချို့ယွင်းခြင်းနှင့် အရိုးပျော့နာများ ဖြစ်ပွားစေနိုင် သည်။ ဆောင်းဦးရာသီနှင့် ဆောင်းတွင်းရာသီအချိန် အခါများတွင် လူ့ခန္ဓာကိုယ်အတွက် ဗီတာမင်ဒီဓာတ်  လုံလောက်စွာရရှိအောင် နေခြည်နွေးဓာတ်မရှိသည့် အတွက် လူတိုင်း ဗီတာမင်ဒီဓာတ်ဖြည့်စွက်စာများ  မှီဝဲစားသောက်ပေးရမည်ဖြစ်သည်။ သုတေသနများ ၏ ဖော်ပြချက်အရ  ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းကာလ များတွင် အရွယ်ရောက်ပြီးသူများ၌ ဗီတာမင်ဒီဓာတ် လုံလောက်စွာ ရရှိမှုသည်  ရာခိုင်နှုန်း ၆၀ ရှိရာမှ ၂၀ဝ၀ ပြည့်နှစ်နှောင်းပိုင်း ကာလများတွင်မူ ရာခိုင်နှုန်း ၃၀ သို့ ကျဆင်းသွားကြောင်း သိရသည်။ ဆောင်းတွင်း ကာလများတွင် အသက် ငါးနှစ်အရွယ် ကလေးသူငယ် တိုင်း ဗီတာမင်ဒီဖြည့်စွက်ဆေး ၁၀ မိုက်ခရိုဂရမ် (400 IU) သောက်သုံးရန် အကြံပြုထားသည်။

COVID-19 အတွက် အရေးပါသော ဗီတာမင် - ဒီ

၂၀၂၀ ပြည့်နှစ် မေလ ပထမပတ်အတွင်း ဗြိတိန်နိုင်ငံ၌ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ ဗီတာမင်-ဒီ (Vitamin D) သည် ကိုရိုနာဗိုင်းရပ်စ်အား ကောင်းစွာတိုက်ခိုက်နိုင်သည်ဟု တွေ့ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။ ငါးနှင့် မှို များစားသုံးပါက ဗီတာမင်-ဒီ ကို ရရှိနိုင်သည့်အပြင် အရေပြားနှင့် နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့လျှင် လည်း ရရှိနိုင်သည်။  ဗီတာမင်-ဒီ သည် ခန္ဓာကိုယ်အတွက် အရေးကြီးသည့် သက်စောင့်ဓာတ်တစ်မျိုးဖြစ်သည်။ ဗြိတိန်အမျိုးသားကျန်းမာရေးဌာနနှင့် အမေရိကန် သိပ္ပံပညာရှင်များ ပူးပေါင်းပြုလုပ်ခဲ့သည့် လေ့လာမှု တစ်ရပ်ထဲတွင် အမေရိကန်နိုင်ငံအတွကြွင်းရှိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူများအား ဗီတာမင်-ဒီ ယ်ဝမှု အခြေအနေ အပါအဝင် အခြေခံ၍ လေ့လာခဲ့ရာတွင် ဗီတာမင်-ဒီ ကြွယ်ဝသူများသည် ကိုရိုနာဗိုင်းရပ်စ်အား တိုက်ဖျက်ရာတွင် နာလန်ထမှု ပိုမိုမြန်ဆန်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် နယ်သာလန်နိုင်ငံရှိ အမ်စတာဒမ် တက္ကသိုလ်မှ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ ဗီတာမင်-ဒီ ချို့တဲ့သူများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရပါက ၎င်းဓာတြွ်ကယ်ဝသူများထက် သေဆုံးနိုင်ခြေ နှစ်ဆ ပိုမိုမြင့်မားသည်ဟုလည်း အတည်ပြုခဲ့သည်။

ဗီတာမင် - ဒီ၏ အစွမ်းသတ္တိများ

အစားအစာထဲတွင်ပါရှိသော ကယ်လ်စီယမ် ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူမှုအားကောင်းစေရန်၊ အရိုး သန်မာစေရန်၊  ဆဲလ်များကြီးထွားစေရန်၊ အာရုံကြော ကြွက်သားများ အားကောင်းစေရန်၊ ကိုယ်ခံစွမ်းအား ကောင်းမွန်စေရန်နှင့် ခန္ဓာကိုယ် ဖောရောင်ခြင်းမှ ကင်းဝေးစေရန် စသည်တို့အတွက် ဗီတာမင်-ဒီ က မရှိ မဖြစ်ပါ။ ဗီတာမင်-ဒီဓာတ်က အရိုးအတွက် အရေးပါ သော ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးသဖြင့် အရိုး ပျော့ရောဂါမှ ကာကွယ်ပေးသည့်အပြင် အရိုးနှင့်သွား များသန်မာမှုကို အားကောင်းစေသည်။ နံနက်ပိုင်း ၈းဝ၀ နာရီ မှ ၁၀းဝ၀ နာရီအတွင်း နေရောင်ခြည်မှပါ လာသော ဗီတာမင်-ဒီ ဓာတ်ကို အလုံအလောက် ရရှိ နိုင်သည်။ 

ဗီတာမင် - ဒီ ကြွယ်ဝသော အစားအစာများ

ထောပတ်သီး၊ ငါးကြီးဆီ၊ ပင်လယ်ငါးအမျိုးမျိုး၊ ကမာကောင်၊ ငါးဥ၊ ကြက်ဥအနှစ်၊ နွားနို့နှင့် နို့ထွက် ပစ္စည်းများ၊ မှို စသည်တို့မှလည်း ဗီတာမင်-ဒီကို လုံလောက်စွာ ရရှိနိုင်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ လေ့လာမှုမှတ်တမ်းများအရ အစားအစာ တစ်မျိုးချင်းစီထဲတွင်ပါရှိသော ဗီတာမင်-ဒီ ပမာဏ ကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရသည်။

- စားပွဲတင်ဇွန်း တစ်ဇွန်းစာ ပမာဏရှိသော ငါးကြီးဆီတွင် ဗီတာမင်-ဒီ ၁၁.၃၀ မိုက်ခရိုဂရမ် ပါရှိ သည်။

- ၃ အောင်စ အလေးချိန်ရှိသော ငါးသလောက် တွင် ဗီတာမင်-ဒီ ၄.၆ မိုက်ခရိုဂရမ် ပါရှိသည်။
- ၃ အောင်စ အလေးချိန်ရှိသော ငါးသေတ္တာ ငါးတွင် ဗီတာမင်-ဒီ ၄.၁ မိုက်ခရိုဂရမ် ပါရှိသည်။
- ၃ အောင်စ အလေးချိန်ရှိသော တီလားပီးယား ငါးတွင် ဗီတာမင်ဒီ ၃.၁ မိုက်ခရိုဂရမ် ပါရှိသည်။
- နွားနို့တစ်ခွက်တွင် ဗီတာမင်-ဒီ ၃.၂ မိုက်ခရို ဂရမ် ပါရှိသည်။
- ဒိန်ချဉ်တစ်ခွက်တွင် ဗီတာမင်-ဒီ ၂.ဝ မှ ၃.ဝ မိုက်ခရိုဂရမ် ပါရှိသည်။
- ပဲနို့ရည်တစ်ခွက်တွင် ဗီတာမင်-ဒီ ၂.၉ မိုက်ခရို ဂရမ် ပါရှိသည်။
- လိမ္မော်ရည်တစ်ခွက်တွင် ဗီတာမင်-ဒီ ၂.၅ မိုက်ခရိုဂရမ် ပါရှိသည်။
- ထမင်းရည်တစ်ခွက်တွင် ဗီတာမင်-ဒီ ၂.၄ မိုက်ခရိုဂရမ် ပါရှိသည်။
- ကြက်ဥပြုတ်(ကျက်ကျက်) တစ်လုံးတွင် ဗီတာမင်-ဒီ ၁.၁ မိုက်ခရိုဂရမ် ပါရှိသည်။
(မှတ်ချက်) ၁ မိုက်ခရိုဂရမ်သည် 40 IU နှင့် ညီမျှသည်။

အချုပ်အားဖြင့်ဆိုသော် COVID-19 ရောဂါ အတွက် ကာကွယ်ဆေး လုံလောက်စွာ မထိုးနှံနိုင်သေး သမျှ ၎င်းရောဂါပိုးသည် ဤကမ္ဘာပေါ်မှ လုံးဝပျောက် ကွယ်သွားရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။ သို့သော် ပြည်သူလူထုအနေနှင့် လုပ်ပေးနိုင်သည်မှာ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ပြီး၊ Mask နှင့် Face Shield တို့ကို စနစ်တကျတပ်ဆင်ပြီးနောက် စည်းကမ်းရှိစွာ စွန့်ပစ်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာသည် အထိ မကြာခဏ ဆေးကြောခြင်း၊ အိပ်ရေးဝ၀ အိပ်စက်ခြင်း၊ နိစ္စဓူဝ နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ နေထိုင်ခြင်း၊ ကိုယ်ခံအားပြည့်ဝစေ မည့် အစားအစာများ စားသောက်ခြင်း၊ စိတ်ဖိစီးမှုများ လျှော့ချခြင်းနှင့် ယခုလို Coronavirus Disease COVID-19 Pandemic ကာလတွင် ဗီတာမင်-ဒီ ကြွယ်ဝသော အစားအစာများကို ရွေးချယ်စားသောက် ကြခြင်းဖြင့် ဘုံရန်သူ ကိုဗစ်ကို ခုခံကာကွယ်ကြပါရန် အကြံပြုလိုက်ရပါသည်။

 ပေါက်ပေါက်