News

POST TYPE

COVID 19

ကိုဗစ်နဲ့ ငိုပစ်ခဲ့တယ်
14-Dec-2020


“ကိုဗစ် ဆိုတဲ့ရောဂါကြီးက ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီးကို ပြောင်းလဲပစ်လိုက်တာပါ။ ”

“အခုဆိုရင် ကိုဗစ်ရောဂါကို ကာကွယ်ဖို့ရာ အသိဗဟုသုတတွေ၊ လက်ဆေးဖို့ နှာခေါင်းစီးတပ်ဖို့ရာ သီပေါမြို့နဲ့ အခြားသော မြို့တွေတော်တော်များများမှာ အသိတွေ ရှိနေပါပြီ။ မရှိတာက သီပေါအနားတစ်ဝိုက်က ရှမ်းရွာတွေမှာပါ။ ကျွန်တော်တို့တွေ အသိပေးမျှ‌ဝေကြမယ်။ ”ဆိုပြီး လူငယ်တစ်ယောက် ရှမ်းလူငယ်များတွေ့ဆုံပွဲမှာ ရှေ့ထွက်ပြီး ပြောကြားနေပါတယ်။

တွေ့ဆုံပွဲရဲ့ထိုင်ခုံနောက်ဆုံးတန်းမှာ ထိုင်နေတဲ့ အန်တီကြီးတစ်ယောက်က
“ သူပေါ့ အဲ့ကောင်လေး သူ့နာမည်က စိုင်းလောဝ်တဲ့ အသက်က ၂၀ ဝန်းကျင်လောက်ရှိသေးတယ်။ လေးစားဖို့ကောင်းတယ် ကိုဗစ်ဖြစ်တော့ သီပေါက ဈေးထိပ်မှာ ရှမ်းလူငယ်အဖွဲ့ဆိုပြီး သူဦးဆောင်ပြီး နှာခေါင်းစီး လိုက်လှူတာ။ အခုလည်းကြည့် ရွာတွေဆင်း အသိပညာပေးမလို့တဲ့။ ကျွန်မတော့ အဲ့လိုလူငယ်လေး ရှိတာ မြို့အတွက် အကောင်းဆုံးပဲအေ’’

၆ပေအကွာမှာ ထိုင်နေတဲ့ အန်တီကြီးကလည်း အပြန်အလှန်ပြောပြန်တယ်။ “ ဘယ်နှယ့်တုန်း ကျွန်မတော့ သူ့ကိုနှမျောတယ်။ လူကသာ တော်တာထက်တာ… နွဲ့နေတယ်လေ။ သူ့အဖေကတော့ စိုင်းလောဝ်ဆိုပြီး ကြယ်တွေလိုရဲရင့်အောင် နာမည်ပေးထားခဲ့တာ။ သူကတော့ မရဲရင့်ဘဲ နွဲ့ပါနွဲ့နေတော့ နှမျောတာပေါ့လေ။ ကျွန်မသားနဲ့တော့ ငယ်သူငယ်ချင်းတွေ ခုတော့ သူနဲ့ မပေါင်းသင်းဖို့ ပြောထားရတယ်။ သားပါနွဲ့နေမယ်စိုးတာ။ ရပ်ကွက်က လူတွေလည်းသူ့ကို သိပ်မကြည်ကြပါဘူး သူတို့ လိုလူတွေတရုံးရုံးနဲ့ ကောင်းမှုကုသိုလ် လုပ်သလိုလိုဘာလိုလိုနဲ့ ” ဆိုပြီး သူ့ဖြစ်တည်မှုကို ဝိုင်းရှုတ်ချကြတယ်။

စိုင်းလောဝ်အတွက် ဒီလိုစကားမျိုးတွေက အမြဲကြားနေကျပါပဲ။ သူကတော့လုပ်စရာရှိတာဆက်လုပ်တာပါပဲ။ အခြားသောအရပ်ဖက်အဖွဲ့အစည်းတွေ အလှူရှင်တွေနဲ့ ပူးပေါင်းတယ် တစ်ရက်တစ်ရွာဆင်းပြီး ရှမ်းတွေကို ရှမ်းဘာသာစကားနဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေးအကြောင်းလိုက်ပြောတယ်။ သူ့ကိုဝေဖန်သံတွေပေါ် စိတ်ဓာတ်မကျဖို့ရာ အမြင်ဖွင့်သင်တန်းတွေကနေ သင်ယူပြီးသားမို့ သူဟာ အားငယ်နေတတ်သော်လည်း ရဲရင့်သယောင်အမြဲနေလေ့ရှိနေပါတယ်။

လောဝ်ဟာ မြို့မှာ သူ့လို LGBT လိင်စိတ်ခံယူမှုကွဲပြားတဲ့ သူငယ်ချင်းတွေကို အားပေးရင်း ရန်ကုန် မန္တလေး အစရှိတဲ့ မြို့က အဖွဲ့အစည်းတွေဆီမှာ သင်တန်းတက်ပြီး အသိပညာတွေကို သီပေါမြို့လေးမှာ ပြန်လည် ဖြန့်ဝေနေသူ တစ်ယောက်ပါ။ လူ့အခွင့်အရေး၊ LGBT အရေး၊ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး စတဲ့ အမြင်ဖွင့်တဲ့ သင်တန်းတွေကိုလည်း လေ့လာခဲ့သူပါ။ ခွဲခြားဆက်ဆံခံရတာတွေကို အတူမျှဝေဖြေရှင်းလိုစိတ်ရှိသူဖြစ်ပြီး သူ့လိုပဲ ခွဲခြားဆက်ဆံခံနေရတဲ့ လူငယ်တွေ၊ အားလပ်နေတဲ့ လူငယ်တွေကို စုပြီး စကားဝိုင်းတွေ လုပ်ပေးတယ်။ လက်ရှိ သူဟာ ရှမ်းလူငယ်အဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။ ကိုဗစ်ကာလမှာတော့ ရွာတွေဆင်းပြီး ကိုဗစ် အသိပညာပေးတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။

“ လောဝ် မင်းဘာတွေလျှောက်လုပ်နေတာလဲ၊ ကိုဗစ်ကာလနော် အကုန်အိမ်မှာပဲ နေသင့်တယ်။ မင်းကွာ ဟိုအဖွဲ့နဲ့ ပေါင်း၊ ဒီအဖွဲ့နဲ့ပေါင်းပြီး ဘာတွေရှုပ်နေတာလဲ ငါကွာ ထိုးချင်တာ မင်းကို လက်ကိုယားနေတာပဲ သိလား”

“ အဖေကလည်း သားတို့က အရပ်ဖက်အဖွဲ့ လေ ။ ရွာကလူတွေက ပိုသနားဖို့ကောင်းတယ် ‌ရောဂါဆိုတာဘာမှန်း တောင်မသိရှာဘူး သားတို့တွေ ပီတိကိုဖြစ်လို့ သူတို့တွေကို လက်ဆေးရေတွေလှူပေးတာ အဖေရဲ့”

လောဝ်တို့အိမ်မှာ လူတွေစုပြီးနေကြတယ် စုစုပေါင်း ၇ ယောက် ၊ အသက် ၇၀ ကျော်အမေအိုရယ်။ မိဘနှစ်ပါးရယ်။ သူ့ညီ ၃ ယောက်ရယ်ပါ။ အဘွားရဲ့ အသည်းက စိုင်းလောဝ်၊ သူ့အမေကတော့ ခပ်အေးအေး တရားသမား သူ့အဖေကတော့ လောဝ်ကို အားမရဘူး၊ သားကြီးဆိုတော့ ပိုအားကိုးချင်တယ် ‌ဒေါသကကြီးတယ်။

“မင်းလုပ်လိုက်ရင် အဲ့ပီတိဆိုတာပဲ ပြောပြောနေတယ်။ မင်းကိုစိုးရိမ်လို့မဟုတ်ဘူးကွ။ တို့တွေက အသက်ကြီးသူတွေရှိတယ်။ ရောဂါက တိုးတိုးနေတာ။ မင်းကူးလာရင် ဒို့တွေအကုန်လည်း ကူးခံရမှာ” ဆိုပြီး အဖေက လောဝ်ရဲ့ မျက်နှာကို လက်သီးနဲ့ တစ်ချက်ထိုးလိုက်ပါတယ်။ လောဝ် ငိုယိုပြီးတော့ အခန်းထဲဝင်ပြေးတော့တာပဲ။

ငယ်ကတည်းက လောဝ်က အဖေဆူတာခံနေကျ ထိုးတာတော့ ပထမဆုံးမို့ သူအင်မတန်ဝမ်းနည်းနေရှာတယ်။ အဘွားကိုတော့ မပြောပြရက်။ သူ့အဘွားက သူ့ကိုချစ်တော့ အဖေ့ကိုဆူမယ်ဆိုတာသူသိတယ်လေ။ အဖေဖြစ်သူကတော့ ငယ်စဉ်တည်းက လောဝ်ကို အားမရခဲ့ဘူး။ ကိုဗစ်ရောဂါနဲ့ ဆိုင်တဲ့ ကျန်းမာရေးအသိကလည်း နည်းပြီး သားလုပ်နေတဲ့အရာတွေကို အမြဲ အခြားသူ့ သူငယ်ချင်းသားတွေနဲ့ နှိုင်းယှဉ်လေ့ရှိတယ်။

အဖေက လောဝ်နဲ့အရွယ်တူ သားတွေကိုတွေ့ရင် “ တွေ့လား မင်းကတော့ အရည်မရတွေ လျှောက်လုပ်နေတယ်။ ကုသိုလ်အဲ့လောက်လိုချင်နေရင် ရာသက်ပန် ဘုန်းကြီး ဝတ်လိုက် ရှင်းတယ်။ ခုက ဟိုမရောက် ဒီမရောက် သူများတွေများ အောင်မြင်ပြီး ငွေရှာနိုင်ပြီ။” ဆိုပြီးထပ်ခါလဲလဲ မရိုးအောင် ဆူလေ့ရှိပြန်တယ်။

အခန်းရှေ့မှာ ခပ်ပေါ့ပေါ့ခြေသံနဲ့ ပါးစပ်က တရားစာ တတွတ်တွတ်ရွတ်ပြီး လမ်းလျှောက်လာတဲ့သူ့အမေက အခန်းထဲဝင်လာပြီး သူ့‌ခေါင်းလေးကို အသာလေးပွတ်သတ်ပေးရှာတယ်။

“သားရယ်၊ မင်းအဖေက မသွားစေချင်ရင် ဒီတစ်ပတ်တော့ မသွားနဲ့ဦးနော် အမေတဖြည်းဖြည်းရအောင် ပြောပေးမယ်လေနော်။” အမေ့ဖြေသိမ့်ပေးတာကို လောဝ်တစ်ယောက် မျက်ရည်တွေနဲ့ကျေနပ်နေခဲ့ပါတယ်။

အဘွားရဲ့ ညီမဖြစ်သူက ထိုင်းကို အရင်လက ခရီးသွားခဲ့တယ်။ အသက်က ၈၀။ သူက တိတ်တိတ်လေးပြန်လာတော့ ပတ်ဝန်းကျင်က သူတွေမသိလိုက်ကြဘူး။ လောဝ်တို့တစ်အိမ်လုံးလည်း ဖုံးကွယ်ထားပေးလိုက်တယ်။ အဘွားရဲ ့အစ်မဆိုတော့ Q မဝင်စေချင်တာရယ်။ ရပ်ကွက်မှာ ပထမဆုံး Q ဝင်ရမှာ မို့ရှက်တာရယ်ကြောင့် အကုန်နှုတ်လုံဖို့ နှစ်အိမ်လုံးက တောင်းဆိုထားကြတာပေါ့။ သတင်းထဲပါလာမှာကိုလည်း ရှက်ကြတယ်။

ရှေးလူကြီးတွေဖြစ်တာကြောင့်အိမ်ထဲ ခြံထဲမှာပဲ အပင်စိုက် ဈေးရောင်း အေးအေးဆေးဆေး နေတာကြောင့် လက်လှမ်းမှီသလောက် ကျန်းမာရေးအသိနဲ့ သတင်းလေးကို အားထားကြတယ်။ ပိုဆိုးတာက Q ဝင်ရင် ကိုယ်ကကံမကောင်းလို့ ကူးစက်ခံရတာ ကံနှိမ့်လို့ ဖြစ်ရတာ။ Q ဝင်နေတဲ့ မိသားစုနဲ့ အဆက်အသွယ် လုပ်မိရင်လည်း မကောင်းတဲ့ကံတွေ ကူးစက်တတ်တယ်။ မိမိရဲ့ ကံကောင်းခြင်းတွေပါ ကုန်သွားတတ်တယ် ဆိုပြီး ရပ်ကွက်က လောဝ်ရဲ့အမေ သူငယ်ချင်းတွေက အိမ်ကို လာလည်တုန်း အိမ်ကလူတွေကို ပြောသွားသေးတယ်။
သို့သော် လောဝ်ကတော့ နိုင်ငံသားကောင်းတစ်ယောက်ဆိုတာ အကုန်အခက်မကြုံရအောင် တာဝန်ရှိတယ် ဆိုတဲ့ အသိကို လက်ကိုင်စွဲလို့ရပ်ကွက်လူကြီးတွေကို အဘွားက ထိုင်းကပြန်လာတဲ့အကြောင်းသွားပြီးသတင်းပို့ခဲ့တယ်။ အဘွားကို Q ဝင်ဖို့ ည လူတိတ်ချိန်မှာ လာခေါ်သွားခဲ့ပါတော့တယ်။

လောဝ်တစ်ယောက် Q စင်တာမှာလည်း ကူနေရတော့ အဲဒီနေ့က နေ့လည် ၄နာရီမှ အိမ်ပြန်ရောက်တယ်။ လက်မှာ အိမ်အတွက် ဝယ်လာပေးတဲ့ ခေါက်ဆွဲ‌ကြော်ထုတ်ကြီးနဲ့။ ရုတ်တရက် အဖေက“ လောဝ်မင်းကွာ ကြည့်စမ်း မင်းဒေါ်လေးတွေ ငိုနေတာ မင်းလုပ်လို့ကွ၊ သိလား၊ မင်းသွားတိုင်လိုက်လို့ သူတို့အမေ နေမကောင်းတဲ့ကြားက Q ဝင်လိုက်ရတယ်။ သူတို့အိမ်ကော ငါတို့ပါ အခု အပြင်ထွက်မရ‌တော့ဘူး ကောင်းသေးလား ပြော”

“အဖေကလည်း ရောဂါတွေ့လည်း ပြန်ကုပေးမှာပါ။ ခုက အိမ်မှာနေပြီး မပြောပြရင် ပိုကူးကုန်မှာ သားလည်း အခု သူငယ်ချင်းတွေကို စားစရာအပြည့် အိမ်မှာ၂၁ရက်နေဖို့ မှာထားလိုက်တယ်” ဆိုပြီး လောဝ်တော့ သူ့အခန်းထဲ တန်းသွားတော့တာပဲ။ မသွားခင်တော့ သူ့အဒေါ်ငိုနေတာနဲ့ တစ်အိမ်လုံးမျက်နှာ မကောင်းတာကို ကြည့်မိလိုက်သေးတယ်။

လောဝ်တို့ရပ်ကွက်လမ်း တစ်လမ်းလုံးကို ပိတ်လိုက်တယ် ၂၁ရက်။ အစားအသောက်တွေလည်း ၁၀ ရက်နဲ့ ကုန်သလောက်ဖြစ်နေပြီ၊ အုပ်ချုပ်ရေးမှူးက လမ်းထိပ်ကနေ ဖုန်းခေါ်ပြီး တစ်အိမ်ကို တစ်ယောက် ဈေးဝယ် လို့ရတယ်တဲ့။

လောဝ်ကတော့ သူ့အိမ်အတွက် ဈေးဝယ်ဖို့ ဈေးကို သွားတော့…လူတွေက လမ်းမှာတင် အဝေးကနေ လာတာကို ပိုးတွေ့တဲ့ ဘေးအိမ်က တစ်ယောက်ဆိုပြီး ရှောင်ဖယ် ရှောင်ဖယ်လုပ်သွားကြတယ်။ ဈေးထဲ‌ရောက်တော့ တစ်ဆိုင်ကဆို မရောင်းနိုင်ဘူးဆိုပြီ နှင်လွှတ်လိုက်တယ်။ ခြောက်ပေအကွာကနေတောင် မ‌ရောင်းတာကြောင့် သူအင်မတန်စိတ်မကောင်းဖြစ်ပြီး ဘာမှမဝယ်ဘဲ ပြန်ခဲ့တယ်။

အိမ်ရောက်တော့ မကြိုက်လို့မဝယ်တဲ့အကြောင်းသာပြောလိုက်တယ်။ အိမ်တွင်းနေရင်းမို့ ဖေ့ဘုတ်ပေါ်တက် ကြည့်လိုက်တယ်။ သူတွေ့လိုက်တာကတော့ သူဈေးသွားနေတဲ့ ပုံကို ရိုက်ပြီး လူတစ်ယောက်က တင်ထားတာပါ။ “ပိုးတွေ့လူနာအိမ်ဘေးက အခြောက်တစ်ယောက် လျှောက်သွားနေပါတယ်တဲ့” မန့်ပေးတဲ့သူတွေကလည်း ဆဲထားတာတွေ အပြစ်ပြောထားကြတာတွေကို စုံနေတာပဲ။

သူမှာ အားကိုးစရာအမေ့ဆီပဲ ပြေးငိုဖို့ကျန်တော့တယ်။ သူ့ကိုအချစ်ဆုံးဆိုတဲ့ အဘွားကလည်း ဆေးရုံမှာ။ သူ့မိခင်ဆီကို ဖုန်းလေးကိုင်ရင်း ပြေးမယ်လုပ်တော့ သူ့မိခင်က သူ့ကို တစ်ခါမှ မကြည့်ဖူးတဲ့ အကြည့်နဲ့ကြည့်တယ်။ မင်းလုပ်လို့ တို့တွေခုလို အခက်တွေ့ နာမည်ပျက်နေရပြီ ဆိုပြီး ပြောနေတဲ့ အကြည့်နဲ့။ “ အမေသားကို အဲ့ လိုမကြည့်ပါနဲ့နော် “ ဆိုပြီး အိမ်အောက်ပြေးဆင်းသွားတော့ အဖေဖြစ်သူက လှေကားရင်း မှာ “ ကြည့်လိုက်စမ်း မင်းပုံနဲ့ တက်လာတယ် ဖေ့ဘုတ်မှာ မင်းကူခဲ့တဲ့သူတွေ ဘယ်မှာလဲ မင်းဘက် တစ်ယောက်မှ မရှိကြဘူး ငါတို့လည်း အရှက်ကွဲပြီ မင်းသွားတိုင်လို့ဖြစ်တာကွ သိလား” ဆိုပြီး အော်ဆူနေတော့ အဘွားက နှလုံးရောဂါနဲ့မို့ နှလုံးကထဖောက်တယ်။

“ခေါ်ခေါ် ဆေးရုံကားအမြန်ခေါ်” ဆိုပြီး အမေ့ရဲ့ တုန်ချိ့နေတဲ့ အသံ။ ပီပီအီး ဝတ်စုံတွေနဲ့ သူ့အဘွားကို ခေါ်သွားတယ် ဆေးရုံကိုလည်း လိုက်မရ အဘွားကိုစိုးရိမ်စိတ်နဲ့ ဆက်တိုက်ငိုနေမိတယ်။ ကိုဗစ်က တစ်အိမ်လုံးကို ပူဆွေးစေခဲ့တာပါ။

ရွာသူ ရွာသားတွေကတော့ လမ်းထိပ်မှာ စားစရာတွေလာပို့ရှာတယ်။ ဖေ့ဘုတ်ပေါ်ပို့စ်တင်တဲ့ ဦးလေးကြီးကလည်း ဖုန်းဆက်တောင်းပန်ပြန်တယ်။ ကိုဗစ်ကာလမှာ သံသယလူနာတွေပေါ် ခွဲခြားဆက်ဆံ မိရင်း အကျိုးဆက်က မကောင်းဘူးဆိုတာ သိသွားကြတယ်။

အစ ပထမလှိုင်းမို့ သိပ်မသိကြတာရယ် ခွဲခြားမှုတွေကိုလည်း ဘယ်လိုကိုင်တွယ် အတူဖြေရှင်းမယ် ဆိုတာကို အသိမရှိသေးတာရယ်မို့ သံသယလူနာစောင့်ကြည့်လူနာတွေအပေါ် ပိုခွဲခြားသလို ဖြစ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ ကိုဗစ်ဥပဒေလည်း ထွက်ရှိလာတာကြောင့် လောဝ်ရဲ့ ဖခင်နဲ့ မိသားစု အသိုင်းအဝိုင်းက သူ့အလုပ်တွေကို နားလည်သွားတဲ့အပြင် အခြားပတ်ဝန်းကျင်ကလူတွေကိုလည်းတဖြည်းဖြည်း နားလည်အောင် ကူညီ ရှင်းပြနိုင်ခဲ့ပါတယ်။

လောဝ်တို့မိသားစု ကိုဗစ်ကြောင့် ငိုပစ်ခဲ့ရပေမယ့် ခုချိန်မှာတော့ တစ်မြို့လုံးကို သံသယလူနာပေါ် မခွဲခြားဘဲ အားပေးဖေးမရမယ်ဆိုတဲ့ အသိလေးကို ရစေခဲ့တယ်။ လက်ရှိ သီပေါမြို့လေးမှာရောဂါကင်းရှင်းအောင် လောဝ်က ခွန်အားအပြည့်နဲ့ ပညာပေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

နန်းမေသူအောင် (မှတ်စု)/ Honest Information