News

POST TYPE

COVID 19

ကျောက်ဆည်မြို့ရှိ မုန့်တိုက်တစ်ခု၌ တစ်ရက်တည်း ၁၇ ဦးတွင် ကိုဗစ်ပိုးတွေ့
12-Dec-2020


မန္တလေး၊ ဒီဇင်ဘာ ၁၂

ကျောက်ဆည်မြို့ရှိ မုန့်တိုက်တစ်ခုမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိစပ်သူမိသားစုဝင်များ၊ ဆိုင်ဝန်ထမ်းများကို ဒီဇင်ဘာ ၁၂ ရက်နေ့က RDT Test ဖြင့် စစ်ဆေးရာ ၁၇ ဦးတွင် ပိုးတွေ့ကြောင်း ဆေးရုံတာဝန်ရှိသူများထံမှ သိရသည်။

"ကြောက်စရာကောင်းတာက ဒီမုန့်ဆိုင်မှာ ဈေးဝယ်ခဲ့သူတွေအပါအဝင် ဝင်ထွက်ခဲ့ကြသူတွေ Contact လိုက်လို့ မလွယ်တော့တာရယ်၊ သူတို့ထဲက ဘယ်နှယောက်ကူးစက်ခံသွားရပြီး သူတို့အိမ်က မိသားစုဝင်တွေကို ဘယ်လောက်ထပ်ဖြန့်လိုက်ပြီလဲဆိုတာ ခန့်မှန်းလို့မလွယ်ပါဘူး" ဟု ကျောက်ဆည်ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ခန့်မှန်းရန်မလွယ်သောကြောင့် လာမည့် ၁၀ ရက်အတွင်း လှိုင်းလုံးကဲ့သို့ ပေါ့စတစ်လူနာများ ပေါ်လာနိုင်ကြောင်း၊ ယင်းမုန့်တိုက်သို့ ပြီးခဲ့သော တစ်ပတ်အတွင်းက ဝင်ထွက်ခဲ့သူများအနေဖြင့် ကိုယ်ပိုင်အသိစိတ်ဖြင့် နည်းပညာတက္ကသိုလ် FQ တွင်သော်လည်းကောင်း၊ Hotel Ever Q စင်တာတွင်သော်လည်းကောင်း သတင်းပေးပို့ကာ Quarantine ဝင်သင့်ကြောင်း၊ သို့တည်းမဟုတ် မိမိတို့အိမ်၌ Home Stay ၁၄ ရက်နေထိုင်ကာ ထူးခြားလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း၊ မောခြင်းတို့ရှိပါက ဆေးရုံ Fever Corner သို့ချိတ်ဆက်ပြသနိုင်ကြောင်း ကျောက်ဆည်ဆေးရုံအုပ်ကြီးက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားထုတ်ပြန်သည်။

ကျောက်ဆည်ဆေးရုံတွင် ပေါ့စတစ်လူနာများထားရန် ခုတင်၊ မွေ့ရာအလုံး ၂၀ ခန့် အရန်ထားရန်နှင့် ပေါ့စတစ်လူနာများကို ကျွေးမွေးခြင်းအတွက်လည်း ဆေးရုံအုပ်ကြီးရုံးနှင့်ချိတ်ဆက်၍ ကူညီလှူဒါန်းနိုင်ကြောင်း ကျောက်ဆည်ဆေးရုံက အသိပေးထားသည်။

ကျောက်ဆည်ခရိုင်ရှိ မြို့နယ်လေးမြို့နယ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ Covid-19 ရောဂါပိုးတွေ့ရှိသူ ၃၀၁ ဦး ရှိနေပြီး ကျောက်ဆည်မြို့နယ်တစ်ခုတည်းတွင် ၅၅ ဦးရှိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။           

S-02