News

POST TYPE

COVID 19

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ထားနိုင်သည့်ဒေသများကို ဦးစားပေးကာကွယ်ဆေးထိုးသင့်ပါက ထိုးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
12-Dec-2020


ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စီးပွားရေးပြန်လည် နာလန်ထူနေသော နေရာများ သို့မဟုတ် ကိုဗစ်-၁၉ကို ထိန်းချုပ်ထားနိုင်သည့်ဒေသများတွင် ဦးစားပေးပြီး ကာကွယ်ဆေးထိုးသင့်ပါက ထိုးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

ယင်းကဲ့သို့ပြောကြားခြင်းကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့စီးပွားရေး ယန္တရားကြီး ပြန်ပြီးတော့လည်ပတ်နိုင်တဲ့ အခြေအနေဒေသတွေ၊ပြောချင်တာကတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ထိန်းချုပ်ထားနိုင်သည့် ဒေသတွေမှာဆိုရင် ပိုပြီးတော့ စောစောစီးစီး၊ကာကွယ်ဆေးထိုးပေးနိုင်မယ့် အခြေအနေမျိုးလည်းဖြစ်ပေါ်နိုင်ပါတယ်”ဟု ၎င်းကဆိုသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ရောဂါမထိန်းချုပ်နိုင်သည့်အတွက် တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုဖြစ်လာခဲ့ကြောင်း၊ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ဖြစ်သည့်အတွက် စီးပွားရေးပြန်လည် နာလန်ထူရန်၊စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် အရေးကြီးကြောင်း ယင်းက သတိပေးပြောဆိုခဲ့သည်။

လက်ရှိတွင် ကာကွယ်ဆေးရရှိရန်အတွက် အမှာစာကို ဒီဇင်ဘာ ၇ ကပေးပို့ထားပြီးလိုအပ်သလောက် ရရှိမည်မဟုတ်သည့်အတွက် မလုံလောက်ပါက အခြားမှဝယ်ယူမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အားလုံးအတွက်လုံလောက်စေရန် စီစဉ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် ကာကွယ်ဆေးရရှိပါက အားလုံးအတွက်မျှတစွာလုပ်ဆောင်ပေးမည်ဖြစ်ပြီး မည်သူများအားဦးစားပေးထိုးနှံရမည်ဆိုခြင်းသည် နိုင်ငံ၏လိုအပ်ချက် မိမိတို့လုပ်ဆောင်နိုင်မည့်အင်အားအပေါ် မူတည်ကာ ကာကွယ်ဆေးထိုးနှံရမည့် အခြေအနေများကိုဆုံးဖြတ်မည်ဖြစ်သည်။

S-09