News

POST TYPE

COVID 19

ရန်ကုန်တိုင်း၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းခဲ့သူ ၉၅ ဦး ကိုဗစ်ကူးစက်ခံရ၊ ၆ ဦးသေဆုံး
10-Dec-2020
ရန်ကုန်၊ ဒီဇင်ဘာ ၁၀

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်ခဲ့သူ ၉၅ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ၆ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးထံမှသိရသည်။

အဆိုပါကူးစက်ခံရသူများမှာ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၄၄ ဦး၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ ဝင် (၅၁)ဦး ကူးစက်ခံခဲ့ပြီး ရောဂါကူးစက်ခံရခြင်းနှင့် ကွယ်လွန်ခြင်းတို့အတွက် တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုအတွက် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ထုတ်ပြန်ထားသည်။

"အခြေအနေ အရမ်းဆိုးတဲ့သူတွေတော့ သိပ်မရှိလောက်တော့ပါဘူး။ ကျန်တဲ့သူတွေကတော့ သက်သာတယ်လို့သိရပါတယ်။ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တွေ အကုန်မှန်သမျှပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်နဲ့ ထောက်ပံ့ပေးနေတာပါ။ ဆက်လက်ပြီးတော့ အစီအစဉ်ရှိသေးသလားဆိုတော့ အလှူငွေရရှိတဲ့ အပေါ်မှာပဲမူတည်တယ်။ အလှူရှင်ရှိတယ်ဆိုရင်တော့ ထပ်ပြီးတော့ ထောက်ပံ့ပေးမှာပါ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း သူ့အစီစဉ်နဲ့သူ ကူညီထောက်ပံ့ပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောကြားသည်။

ရောဂါကူးစက်မှုခံရသူများကို တိုင်းဒေသကြီး၊ ခရိုင် ၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းများမှ တတ်စွမ်းသမျှ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ဆေးကုသမှုခံယူနေရ သူ ၈၉ ဦးကို တစ်ဦးလျှင်ကျပ် ငါးသောင်း၊ ကွယ်လွန်သူမိသားစု ၆ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်ဖြင့် စုစုပေါင်း ကျပ်သိန်း ငါးဆယ်ငါးသောင်းကို ဖြန့်ဝေကူညီပေးနိုင်ရန် ဒီဇင်ဘာလ ၈ ရက်နေ့တွင် သက်ဆိုင်ရာခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများထံ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပေးအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၈၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း များ ရွေးချယ်ခံခဲ့ရကြောင်း၊ ယင်းပါတီများမှ လက်ရှိအစိုးရဖွဲ့ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်အမတ် ၉၂၀ အများဆုံး အနိုင်ရရှိကာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက အမတ် ၇၁ နေရာဖြင့် ဒုတိယ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က အမတ်နေရာ ၄၂ နေရာဖြင့် တတိယရရှိထားသည်။

S-08