News

POST TYPE

COVID 19

ဓာတ်ခွဲနမူနာ တစ်သိန်းရှစ်သောင်းကျော်တွင် အတည်ပြုလူနာ တစ်သောင်းနှစ်ထောင်ကျော်အထိရှိ
10-Dec-2020
ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ တစ်သိန်းရှစ်သောင်းကျော်ကို ကိုးရက်အတွင်း ရယူစစ်ဆေးခဲ့ရာ အတည်ပြုလူနာ တစ်သောင်းနှစ်ထောင်ကျော် တွေ့ရှိခဲ့ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နေ့စဉ်စာရင်းများအရ သိရသည်။

ဒီဇင်ဘာလ ၁ ရက် မှ စတင်ကာ ဒီဇင်ဘာလ ၉ ရက် အထိ ကိုးရက်အတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၈၈,၁၄၂ ခုကို စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၂,၄၅၃ ဦးကို တွေ့ရှိခဲ့ရသည့်အတွက် ယခင်လများကထက် နေ့စဉ်စစ်ဆေးမှုနှုန်းများတိုးလာခဲ့သလို နေ့စဉ် ပိုးတွေ့လူနာတွေ့ရှိမှုမှာလည်း တစ်ထောင်အထက်တွင်သာ ရှိနေသည်။

ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူများ၊ အသွားအလာကန့်သတ်ထားသူများနှင့် စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများအား ရယူ စစ်ဆေးမှုအရ ကိုဗစ်-၁၉ နေ့စဉ် စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ ဒီဇင်ဘာ ၈ ရက်နေ့ တစ်ရက်တည်းသာ ၅ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ကျန်ရက်များသည် ယင်းနှုန်းအထက်တွင်ပင်ရှိနေသည်။

ဒီဇင်ဘာ ၁ တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိနှုန်းမှာ ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂ တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၃ တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၄ တွင် ၇ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၅ တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၆ တွင် ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၇ တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၈ တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၉ တွင် ၆ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃၀ မှ ဒီဇင်ဘာလ ၉ အထိ နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာ အရေအတွက်မှာ အနည်းဆုံး ၁၅၉၃၅ ခုမှ အများဆုံး ၂၃၃၄၈ ခုအထိ ဖြစ်ပြီး ပျမ်းမျှအရေအတွက်မှာ ၂၀၄၀၈ ခုဖြစ်ကာ ကိုဗစ်-၁၉ စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ ဓာတ်ခွဲစစ်ဆေးသည့်အရေအတွက်ပေါ် တွင်လည်း မူတည်နေသည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ ယနေ့အထိ ဓာတ်ခွဲ နမူနာပေါင်း ၁ ဒသမ ၃ သန်းကျော်အထိ စစ်ဆေးပြီးခဲ့ပြီး အတည်ပြုလူနာအရေ အတွက် ၁၀၃,၁၆၆ ဦးအထိ တွေ့ရှိကာ သေဆုံးသူ ၂၁၇၄ ဦး၊ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရသူ ၈၁,၇၁၅ ဦးရှိခဲ့ပြီဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ပိုးတွေ့လူနာအရေအတွက်အရ ကမ္ဘာ့အဆင့် ၆၉ တွင် ရပ်တည်နေသော်လည်း အဆင့် ၆၈ နှင့် ၆၇ တွင် ရပ်တည်နေသည့် ဗင်နီဇွဲလားနိုင်ငံ နှင့် တူနီးရှားနိုင်ငံတို့အား ထပ်မံကျော်ဖြတ်ရန် အရေအတွက် အနည်းငယ်သာလိုတော့ကြောင်း WHO ၏ ထုတ်ပြန်ချက်အရသိရသည်။

S-09