News

POST TYPE

COVID 19

ရန်ကုန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများ တင်းကျပ်ရန် ကျန်းမာရေးဝန်ကြီးပြော
09-Dec-2020
ရန်ကုန်၊ ဒီဇင်ဘာ ၉

ကိုဗစ်-၁၉ ရောဂါကာကွယ် စည်းကမ်းများကို ပြည်သူများအကြား လိုက်နာမှု အားကောင်းစေရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်းကျပ်စွာ ဆောင်ရွက်ပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ တိုင်ပင်ဆွေးနွေးကာ ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိအခြေအနေအရပ်ရပ်နှင့် ကိုက်ညီသော 
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများ ချမှတ်ကာ ပြည်သူများလိုက်နာစေရေးအတွက် အမြန်ဆုံးစတင်နိုင်ရန် ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောကြားသည်။

ယင်းကဲ့သို့ပြောကြားခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာလိုက်နာ ဆောင်ရွက်ရေးကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်များကို Video Conferencing စနစ်ဖြင့် ဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုရှိစေရေးအတွက် အသိပညာပေးစည်းရုံးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် သင့်တော်သည့် အရေးယူမှုပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခြင်းမပြုပါက ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကာ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည်ဖြင့် ဘက်စုံကဏ္ဍများတွင် အနုတ်လက္ခဏာဆောင်သော အကျိုးဆက်များ ဖြစ်ပွားမည်ဟု ဒေါက်တာမြင့်ထွေးက သတိပေးပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါအား အတိုင်းအတာတစ်ခုအထိ ကောင်းစွာထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို လိုက်နာမှု ရာခိုင်နှုန်းများပြားရန် အရေးကြီးနေပြီး ယခုအချိန်တွင် စည်းကမ်းလိုက်နာမှု ရာခိုင်နှုန်းသည် လိုအပ်သည့် ပမာဏမရှိသေးကြောင်း ဒေါက်တာမြင့်ထွေးကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပြည်သူများအကြား လူမှုစီးပွားပြဿနာများ မဖြစ်ပွားစေ ရေးတို့ကို ချိန်ဆဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြန်လည်ပြောဆိုခဲ့သည်။

ကိုဗစ်-၁၉ အတည်ပြုလူအားလုံး၏ ၇၄ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းအတွင်းမှဖြစ်ပြီး သေဆုံးနှုန်းမှာလည်း သေဆုံးသူအားလုံး၏ ၉၂ ဒသမ ၇ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းမှပင်ဖြစ်သည်။

S-09