News

POST TYPE

COVID 19

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၁ ဦးအထိ ရောက်ရှိ
09-Dec-2020

စစ်တွေ၊ ဒီဇင်ဘာ ၈

စစ်တွေဆေးရုံကြီးမှာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့တာကြောင့် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြု လူနာသေဆုံးမှုမှာ ၃၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ 

ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက ကိုဗစ် ၁၉ ဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသွားသူဟာ စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာက အသက် ၇၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာဖြစ်ကြောင်း သိရပါတယ်။ 

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာစိုးဝင်းပိုင်က "ဒီကနေ့ မနက်ပိုင်းက ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံးသွားပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာက ကိုဗစ်လူနာ သေဆုံးတာ ၃၁ ဦး ရှိသွားပါပြီ"လို့ အတည်ပြုပြောပါတယ်။ 

စစ်တွေမြို့နယ်အတွင်း ယခုရက်ပိုင်း ကိုဗစ်အတည်ပြုလူနာ တိုးလာကြောင်းနဲ့ ဆေးရုံဆင်းခွင့်ရသူ ၁၃၀၂ ယောက်နဲ့ ဆေးရုံမှာ ကျန်ရှိနေသူ ၅၂ ဦးရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေး သတိပြုကြဖို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မနေ့က ပြောထားပါတယ်။ 

ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ကိုဗစ်အတည်ပြုလူနာတစ်ဦး စစ်တွေဆေးရုံမှာ သေဆုံးခဲ့သေးကြောင်းလည်း ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဆီ ကနေ သိရပါတယ်။ 

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၁ ဦးနဲ့ ပိုးတွေ့လူနာ ၃၇၈၃ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံကနေ သိရပါတယ်။

ထက်အောင်စိုင်း(VOM)