News

POST TYPE

COVID 19

ရေတာရှည်တွင် အသက် ၁၀၀ အရွယ် အဘွားအိုတစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့
07-Dec-2020

ဓာတ်ပုံ - လှမြင့်

တောင်ငူ၊ ဒီဇင်ဘာ ၇

ပဲခူးတိုင်း ရေတာရှည်မြို့နယ် သိုင်းနယ်အုပ်စု ချောင်းမကြီးကျေးရွာတွင် ရန်ကုန်မှပြန်လာသူများနှင့် ထိတွေ့မှု ရှိခဲ့သည့် အသက် ၁၀၀ နှစ်အရွယ် အဘွားအိုတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိထားသည်ဟု ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ညီနန္ဒဆွေက ပြောကြားသည်။

“ရန်ကုန်ကနေခိုးပြန်လာတဲ့သူတွေကို အိမ်မှာ ဘာမသိညာမသိနဲ့လက်ခံထားတယ်လို့သိရတယ်။ သဘောကောင်း တာကို အခွင့်ရေးယူပြီး အိမ်ပေါ်တက်ခိုနေကြသူတွေဆီကကူးစက်တာပါ။သိုင်းနယ်ဆိုတာ ရိုးမထဲကရွာကြီးပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရေတာရှည်မြို့နယ်အတွင်း ဒီဇင်ဘာ ၆ ရက်နေ့က သံသယရှိသူ၊ရောဂါရှိသူများနှင့်ထိတွေ့ထားသူ စုစုပေါင်း ၁၂၃ ဦးကို နှာခါင်းတို့ဖတ်၊အာခေါင်တို့ဖတ်နမူနာယူစစ်ဆေးရာမှ ပိုးတွေ့လူနာ ၁၀ ဦးရှိခဲ့သည့်အနက် ယင်းအသက် ၁၀၀ အရွယ်အမျိုးသမီးကြီး ပါဝင်လာခြင်ဖြစ်သည်။

လက်ရှိတွင် ရောဂါပိုးတွေ့ရှိသူများအနက် အသက် ၁၀၀ အရွယ် ပိုးတွေ့လူနာနှင့် သမီးဖြစ်သူပိုးတွေ့လူနာ၊ အသက် ၂ နှစ်အရွယ်ပိုးတွေ့လူနာနှင့် မိခင်ဖြစ်သူပိုးတွေ့လူနာတို့ကို တောင်ငူခရိုင်ဆေးရုံရှိ ကြပ်မတ်ကုသ ဆောင်သို့ ဒီဇင်ဘာလ ၇ ရက်နေ့၌ပင် ရွေ့ပြောင်းကုသပေးမည်ဟု ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနထံမှ သိရသည်။

အဆိုပါပိုးတွေ့လူနာအဘွားအိုသည် တောင်ငူခရိုင် မြို့နယ်ခြောက်ခုအတွင်း အသက်အကြီးဆုံး ပိုးတွေ့လူနာ ဖြစ်ကာ ဒီဇင်ဘာ ၇ ရက်နေ့တွင် တောင်ငူခရိုင်ဆေးရုံသို့ လွှဲပြောင်းရောက်ရှိလာပြီဖြစ်သည်ဟု တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှလည်း သိရသည်။

R-02