News

POST TYPE

COVID 19

လူစုလူဝေးဖြစ်ခဲ့တဲ့ ဒဂုံဆိပ်ကမ်းရှိ မုန့်လုပ်ငန်းက ကလေးလုပ်သား ၁၀ ဦးမှာ ကိုဗစ်ပိုးတွေ့ ရှိ
21-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၁  

ကလေးတွေကို ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ လူစုလူဝေးဖြစ်ပြီး ပဋိပက္ခဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇) ရပ်ကွက်က လိုတရရွှေစံလှ ပေါက်စီ နဲ့ မုန့်လုပ်ငန်းက ကလေးလုပ်သား ၁၀ ဦး ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက အတည်ပြုပြောပါတယ်။

"ဟုတ်ပါတယ်၊ အလုပ်သမား ၂၂ ယောက်ကို စစ်ဆေးတော့ ၁၀ ယောက်မှာ ပိုးတွေ့တာဖြစ်ပါတယ်။ ပိုးတွေ့တဲ့ ၁၀ ယောက်ကို ရိုးမကိုဗစ်စင်တာမှာ ပို့ဆောင်ပြီး ကုသမှုခံယူစေပါတယ်။ နောက်သူတိုရဲ့ ကွန်တက်ပေါ့။ ၂၂ ယောက်ဆိုတော့ ၁၂ ယောက်က Primary ကွန်တက်ဖြစ်သွားတယ်။ ကွန်တက်ကို မြို့နယ် CBFQ မှာ ကွာရန်တင်းထားရှိထားပါတယ်။ သူတို့ကို အနီးကပ်စောင့်ရှောက်ပေးနေတဲ့ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းသုံးဦးလည်း အတူတူ ကွာရန်တင်း ဝင်နေကြပါတယ်" လို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော် က ပြောပါတယ်။

ဒါ့အပြင် ကလေးတွေကို ထိန်းသိမ်းထားပေးတဲ့ မြို့နယ်ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက်စစ်ဆေးခြင်းနဲ့ ကွာရန်တင်း ထားရှိတာတွေ ဆက်လက်ဆောင်ရွက်နေပြီး ထိတွေ့ သူတွေကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

မုန့်လုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ လုပ်သား ၂၂ ဦးနဲ့ သူတို့ကို အနီးကပ်စောင့်ရှောက်ပေးနေသူ သုံးဦးကို ကိုဗစ်ပိုးစစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ 

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၇)ရပ်ကွက်၊ မဂ္ဂင်လမ်းပေါ်က တရုတ်နိုင်ငံသားပိုင်နေအိမ်မှာ ကလေးလုပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး ပိတ်လှောင်ထားတယ်ဆိုတဲ့သတင်းကြောင့် လူပေါင်းရာဂဏန်းလောက် စုဝေးမှုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အလုပ်သမား ၂၀ ကျော်ကို ခေါ်ထုတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာလည်း နေအိမ်အတွင်း မြေအောက်ခန်းထဲမှာ ကလေးတွေ ပိတ်လှောင်ခံထားရသေးတယ်ဆိုပြီး လူစုလူဝေး ထပ်မံဖြစ်ပေါ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ရဲအင်အားအလုံးအရင်းနဲ့ သွားရောက်တားဆီးခဲ့ရပါတယ်။ 

ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်အကြားပြေလည်မှုမရရှိခဲ့ဘဲ ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ရာဘာကျည်သုံးကာ တားဆီးခြင်းကို လုပ်ဆောင်ခဲ့သလို ပြည်သူတွေဘက်ကလည်း ခဲတွေ ထုနှက်တာ တွေရှိခဲ့တာကြောင့် နှစ်ဖက်စလုံးမှာ ဒဏ်ရာရရှိသူတွေရှိခဲ့ကြပါတယ်။

အဲ့ဒီရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကြောင့် ကားတွေဖျက်ဆီးခံခဲ့ရသလို နေအိမ်ကိုလည်း ဖျက်ဆီးခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။    

သူရိန်၊ သိင်္ဂီထွန်း (VOM)