News

POST TYPE

COVID 19

သန်လျင်သဘာဝတရားရိပ်သာတွင် ကိုဗစ်လူနာ ၄၃ ဦးထပ်တိုး
19-Nov-2020
ဓာတ်ပုံ - သဘာဝရိပ်သာ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

သဘာဝတရားရိပ်သာ(သန်လျင်)တွင် COVID-19 ပိုးတွေ့လူနာ ၄၃ ဦး ထပ်တိုးသဖြင့် ကူးစက်ခံရသူအရေအတွက် ၄၅၀ ဦးအထိရှိလာပြီဖြစ်ကြောင်း ယင်းရိပ်သာက သတင်းထုတ်ပြန်သည်။

သဘာဝတရားရိပ်သာတွင် အောက်တိုဘာလ ၂၉ ရက်မှစတင်ကာ သံဃာတော်၊ သီလရှင်၊ အဘိုးအဘွားများထဲ၌ COVID-19 ကူးစက်ခြင်းခံရသူများရှိလာခဲ့သည့်အတွက် နေ့စဉ်အရေအတွက် သုံးရာခန့်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် ယနေ့အထိ စုစုပေါင်းစစ်ဆေးခဲ့သည့်အရေအတွက်မှာ ၂၄၇၉ ဦးအထိရှိကာ ပိုးတွေ့ လူနာစုစုပေါင်း ၄၅၀ ဦးအထိရှိလာခြင်းဖြစ်သည်။

သို့သော်ရောဂါပြန်လည်ပျောက်ကင်းသူ ၂၆၀ ဦးရှိလာပြီး ယခုအချိန်အထိ ဆေးကုသမှုခံယူနေရသူ ၁၉၀ ဦး ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းကုသမှုခံယူနေရဆဲ လူနာများထဲမှ လူနာ ၄ ဦးသည်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေပြီး ယနေ့အထိ ပိုးတွေ့လူနာများထဲမှ သေဆုံးသူအရေ အတွက်မှာ ၉ ဦးထိရှိလာပြီလည်းဖြစ်သည်။

သန်လျင်သဘာဝရိပ်သာမှ COVID-19 ရောဂါ ကုသခံယူနေသူများမှာ သန်လျင်ဆေးရုံတွင် ၉ ဦး၊အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာတွင် ၁၂၇ ဦး၊ ဧရာဝတီစင်တာတွင် ၁ ဦး၊သဘာဝရိပ်သာတွင် ၅၃ ဦး စုစုပေါင်း ၁၉၀ ဦးရှိသည်။

သန်လျင်သဘာဝတရားရိပ်သာကြီးတွင် သက်ကြီးရွယ်အို ဘိုးဘွားတစ်ထောင်ကျော်အပြင် လေဖြတ်လေငန်းလူမမာ၊ တီဘီလူမမာ၊ ခိုကိုးရာမဲ့လူမမာတစ်ထောင်ကျော်၊ ရုပ်ဝတ္ထုအခက်အခဲ စားဝတ်နေရေး အခက်အခဲရှိသူများ၊ စိတ်ကျန်းမာရေး ချို့ယွင်းနေသူများ ၊ဆေးကုသစရိတ် မတတ်နိုင်၍ ပြည်သူ့ဆေးရုံများတွင် မိသားစုမှ စွန့်ပစ်ခံလူမမာများ မှီတင်းနေထိုင်သည့်နေရာဖြစ်သည်။

COVID-19 ဖြင့်သေဆုံးသူ ၉၀ ရာခိုင်နှုန်းသည် နာတာရှည်ရောဂါအခံရှိသူများဖြစ်သည့်အပြင် သေဆုံးသူအများစုသည် အသက်အရွယ်ကြီးသူ အမျိုးသားများဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
 
S-09