News

POST TYPE

COVID 19

မန္တလေးတိုင်း ရွေးကော်ရုံးဝန်ထမ်းခုနစ်ဦး ကိုဗစ်ပိုးကူးစက်ခံရ
16-Nov-2020


မန္တလေး၊ နိုဝင်ဘာ ၁၆

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဥက္ကဋ္ဌနဲ့ဦးစီးအရာရှိကလွဲလို့ တိုင်းအဖွဲ့ခွဲရုံးတစ်ခုလုံး တိုင်းစာရင်းစစ်ဝန်ထမ်းကတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်လို့ တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

"ကျွန်တော်တို့က ရွေးကောက်ပွဲအပြီး နောက်တစ်ရက်ကျတော့ ခိုင်လုံမဲရာခိုင်နှုန်းတက်ဖို့ စာရင်းစစ်တစ်ဦးခေါ်ရတယ်၊ တိုင်းစာရင်းစစ်ရုံးက ဝန်ထမ်းတစ်ယောက်ပို့ပေးတယ်၊ ၁၃ ရက်နေ့ကျတော့ အားလုံပြီးသွားရော ပြီးတဲ့နေ့မှာ စာရင်းစစ်တစ်ယောက်က ဖျားသွားရော။ ဖျားတော့ ဆေးတွေဘာတွေတိုက်လွှတ်ပြီး သူတို့ပြန်သွားတယ်၊ ၁၄ ရက်နေ့ကျ ဖျားတဲ့တစ်ယောက်က Positive တဲ့။ အဲ့ဒါနဲ့ ကျွန်တော်လည်း ရုံးကို ဆေးတွေ ဘာတွေဖျန်းလိုက်သေးတယ်၊ ဒါပေမဲ့မရဘူး ရုံးမှာ စာရင်းစစ်ကို အပေါ်ထပ်သီးခြားပေးထားတဲ့ သီးခြားရုံးခန်းနဲ့ ကွန်ပျူတာရုံးခန်းကို စာရင်းအတင်ချလုပ်တဲ့ စာရေးမလေးက မနေ့က Positive ဖြစ်တယ်၊ သူကတော့ ရုံးဝန်ထမ်းပေါ့။ မနေ့ကတော့ တစ်ယောက်တည်းပေါ့။ ဒီနေ့ကျမှ သံသယဖြစ်တာနဲ့ တိုင်းကျန်းမာနဲ့ ဆေးစစ်လိုက်တော့ ခြောက်ယောက်ထပ်ကူးသွားတာ။ ကျွန်တော်နဲ့ ဦးစီးအရာရှိကတော့ လွတ်သွားလို့ ကိုယ်စီအိမ်မှာပဲ ကွာရန်တင်းဝင်နေပါတယ်" လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကိုစစ်ရတဲ့ စာရင်းစစ်ကနေတစ်ဆင့် တိုင်းရုံးက ဝန်ထမ်း ခုနစ်ဦးကို ရောဂါကူးစက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တိုင်းကော်မရှင်ရုံးက Positive ခုနစ်ဦးကတော့ အလုပ်သမားဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်တယ်လို့ ဦးရှိန်ဝင်းက ပြောပါတယ်။

အလုပ်သမားဆေးရုံမှာ တက်ရောက်ကုသမှုခံနေရတဲ့ တိုင်းကော်မရှင်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက "ဟုတ်ပါတယ်ဗျ ကျွန်တော်က အလုပ် သမား ဆေးရုံရောက်နေလို့ ဥက္ကဋ္ဌကြီးကို အသေးစိတ်မေးလိုက်ပါဗျ" လို့ ပြောပါတယ်။

မန္တလေးတိုင်းအတွင်းမှာ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၀၉၀ ဦးရှိပြီး မန္တလေးမြို့မှာတော့ အတည်ပြုလူနာ ၂၂၇၀ ဦး ကိုဗစ်ရောဂါ ကူးဆက်ခံရပြီး သေဆုံးသူ ၁၈ ဦးရှိနေပြီ ဖြစ်ပါတယ်။  

ရှိုင်းအောင် (VOM)