News

POST TYPE

COVID 19

ဆန်ရိက္ခာတန်ချိန် ၆၀၀ ကို ကိုဗစ်ကပ်ရောဂါခံစားရသည့်ပြည်သူများထံ ဖြန့်ဖြူးပေးမည်
10-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၁၀

APTERR Tier-3 အစီအစဉ်အရ ကိုရီးယားနိုင်ငံကလှူဒါန်းသည့် ဆန်ရိက္ခာတန်ချိန် ၆၀၀ ကို ကိုဗစ်ကပ်ရောဂါခံစားရသည့်ပြည်သူများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ခံစားရသည့်ပြည်သူများကို အာဆီယံအပေါင်းသုံးနိုင်ငံ အရေးပေါ်အရန်ဆန်ရိက္ခာအဖွဲ့ APTERR Tier-3 အစီအစဉ်အရ ကိုရီးယားနိုင်ငံက လှူဒါန်းသည့် ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာလ ၉ ရက်နေ့ညနေပိုင်းက Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲတွင် အလှူရှင်ကိုရီးယားနိုင်ငံကိုယ်စား ကိုရီးယားနိုင်ငံသံအမတ် H.E Mr.Lee Sang-Hwa က အရန်ဆန် ၆၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကိုယ်စား စိုက်ပျိုးရေးဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်ဆွေက လက်ခံရယူခဲ့သည်။
အာဆီယံ ၁၀ နိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများဖြင့်ဖွဲ့စည်းထူထောင်ထားသည့် အာဆီယံအပေါင်းသုံးနိုင်ငံ အရေးပေါ်အရန်ဆန်ရိက္ခာအဖွဲ့ APTERR ၏ အဖွဲ့ဝင်နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက ထိခိုက်နစ်နာသည့်ပြည်သူများကို Tier-3 အစီအစဉ်အရ ထောက်ပံ့နိုင်ရန် ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့က ပေးပို့လှူဒါန်းထားသည့် အရန်ဆန်ရိက္ခာများကို စိုက်ပျိုးရေးဦးစီးဌာနက နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ သိုလှောင်ရုံများတွင် သိုလှောင်ထားရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါဆန်ရိက္ခာများ ဖြန့်ဝေနိုင်ရေးအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီထံတင်ပြပြီး သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းဒေသကြီးပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီများ၏ ကြီးကြပ်မှုဖြင့် ပြည်သူ ၆၀၂၇၂ ဦးကို ဖြန့်ဝေပေးနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
APTERR လုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် မတည်ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၃,၀၀၀၊ လုပ်ငန်းလည်ပတ်ရန်ပုံငွေအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆,၀၀၀ နှုန်းဖြင့် ၅ နှစ်တာကာလအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကို နှစ်စဉ်ထည့်ဝင်ခဲ့ရာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပထမ ၅ နှစ်အတွက် အားလုံးထည့်ဝင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

S-07