News

POST TYPE

COVID 19

PPE ဝတ်စုံဝတ်ဆင်ကာ ခရီးသည်တင်ဆောင်သူ သုံးဦးဖမ်းမိ
13-Oct-2020


မန္တလေး၊ အောက်တိုဘာ ၁၃

ကိုဗစ်-၁၉ ကာကွယ်ရေး PPE ဝတ်စုံဝတ်ဆင်ကာ ခရီးသည်များကိုပို့ဆောင်ပေးခဲ့သူယာဉ်မောင်း ၃ ဦးကို သဘာဝဘေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်းက ပြောကြားသည်။

“နည်းနည်းဆိုးတယ်။ ရန်ကုန်ကနေ အန်စာတုံးလိုမျိုးကားသုံးစီးနဲ့သယ်တာ။ အာရုဏ်ဦး ခရီးသွားလုပ်ငန်းကုမ္ပဏီကပိုင်တဲ့ကားပါ၊ ဘယ်လိုလုပ်လဲဆိုတော့ ကားမောင်းတဲ့လူက PPE ဝတ်စုံနဲ့ လူနာတင်ကားပုံစံနဲ့ သြဆွဲလာတဲ့ကား။ အောက်တိုဘာ ၁၁ ရက်မှာသုံးစီး ဖမ်းမိတယ်” ဟု ၎င်းကရှင်းပြသည်။

ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၂၈၅ (သီးကုန်းဂိတ်) တွင် အောက်တိုဘာ ၁၁ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသုံးဦးကို ဖမ်းမိသည့် နေရာနှင့်နီးသော မိတ္ထီလာ အ.ထ.က ၁  Quarantine စင်တာတွင် ထားရှိကာ လိုက်ပါလာသူများကို သက်ဆိုင်ရာဒေသများတွင် Quarantine ဝင်စေခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။



ကားသုံးစီးဖြင့် လိုက်ပါလာသူများသည် ရန်ကုန်မြို့ လှိုင်သာယာတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး အလုပ်များရပ်နားထားသောကြောင့် ၎င်းတို့၏နေရပ် စစ်ကိုင်းတိုင်းအတွင်း ရှိ မြို့နယ်တစ်ခုသို့ ပြန်လာခဲ့ခြင်းဖြစ်​သည်။

လက်ရှိတွင် ယာဉ်မောင်းသုံးဦးကို မိတ္ထီလာမြို့မရဲစခန်းတွင် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ ဘုန်းမြတ်
ဓာတ်ပုံ - ကျောက်ပန်းတောင်းကျန်းမာရေးသတင်းများ