News

POST TYPE

COVID 19

ရွှေပြည်သာတွင် အထူးရဲတပ်ဖွဲ့ဝင် ၇၂ ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရ
13-Oct-2020

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ရွေးကောက်ပွဲမဲရုံများ၌ လုံခြုံရေးဆောင်ရွက်ရန် သင်တန်းပေးနေသော အထူးရဲတပ်ဖွဲ့ဝင် ၇၂ ဦးမှာ COVID-19 ရောဂါပိုးကူးစက်ခံထားရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ မဲရုံများ၌ လုံခြုံရေးဆောင်ရွက်ရန် အထူးရဲတပ်ဖွဲ့ဝင်အဖြစ် ၁၂၃ ဦးကို ခန့်အပ်ပြီး ယင်းမြို့နယ်ရှိ မြို့ဦးစေတီဝင်းတွင် သင်တန်းပေးခဲ့သည်။

သင်တန်းပေးနေသူများကို အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်နေ့က ကိုဗစ်နိုင်တင်းရောဂါပိုး ရှိမရှိ နှာခေါင်း နှင့် အာခေါင် တို့ဖတ်ယူစစ်ဆေးရာ ၇၂ ဦးမှာ ယင်းရောဂါပိုးကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

“အောက်တိုဘာ ၁ ရက်နေ့က အထူးရဲတပ်ဖွဲ့ဝင်တွေကို ရွှေပြည်သာမြို့နယ် မြို့ဦးစေတီဝင်ထဲမှာ သင်တန်းစပေးခဲ့တယ်။ စုစုပေါင်း အယောက်တစ်ရာကျော်ပေါ့။ သူတို့ဆီမှာ ရောဂါပိုးရှိမရှိ စစ်ဆေးကြည့်တော့ အယောက် ၇၀ ကျော်မှာ ရောဂါပိုးတွေ့တယ်။ ပိုးတွေ့ရှိသူတွေကို ရောဂါကုသရေး စင်တာတွေဆီ ပို့ထားပြီးပါပြီ။ ကျန်တဲ့သူတွေကိုတော့ Quarantine ဝင်ခိုင်းရတာပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ ဗိုလ်တထောင်မြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင် သင်တန်းတက်ရောက်နေသူ ၁၁ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် သင်တန်းတက်နေသည့် အထူးရဲတပ်ဖွဲ့ဝင်များထဲမှ သုံးဦးမှာ ရောဂါပိုးကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အထွေထွေရွေးကောက်ပွဲကာလ၌ ရန်ကုန်တိုင်းဒေသကြီးတွင် မဲရုံပေါင်း ၅၇၀၀ နီးပါး ထားရှိမည်ဖြစ်ပြီး မဲရုံတစ်ရုံလျှင် အထူးရဲတပ်ဖွဲ့ဝင်တစ်ဦး ထားရှိကာ လုံခြုံရေးတာဝန်ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

S-03