News

POST TYPE

COVID 19

မဲရုံတာဝန်ယူမည့် အထူးရဲသင်တန်းသား သုံးဦးထံမှ ကိုဗစ်ရောဂါပိုးတွေ့
13-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင်
အထူးရဲသင်တန်းသားသုံးဦးထံမှ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း မဲရုံလုံခြုံရေးဆောင်ရွက်ရန် အထူးရဲတပ်သားအဖြစ် ဆောင်ရွက်မည့် ၂၈၇ ဦးကို ဒဂုံဧရာအဝေးပြေးကား၀င်း၌ သင်တန်းပေးလျက်ရှိသည်။

အဆိုပါ အထူးရဲသင်တန်းသား ၂၈၇ ဦးထဲမှ ၁၄၇ ဦးကို  ရောဂါပိုး ကူးစက်ခံရမှု ရှိမရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူစစ်ဆေးခဲ့ရာ သုံးဦးတွင် ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

" ပိုးတွေ့တဲ့ အထူးရဲသင်တန်းသား သုံးယောက်က တောင်ဒဂုံမြို့နယ် ရောဂါကုသမှုစင်တာမှာ ဆေးကုသမှု ခံယူနေတယ်။ သူတိုနဲ့ ထိတွေ့ခဲ့သူ ၃၂ ယောကိုလည်း အသွားအလာကန့်သတ်ထားတယ်။ "ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိက ပြောကြားသည်။

အလားတူ ဗိုလ်တထောင်မြို့နယ်တွင် အထူးရဲ သင်တန်းသား ၁၁ ဦး၌ ကိုဗစ်နိုင်တင်း ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မဲရုံ ၅၇၀၀ နီးပါးထားရှိမည်ဖြစ်ပြီး မဲရုံတစ်ရုံတွင် အထူးရဲသင်တန်းသားတစ်ဦးစီ လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိုင်းမှူးထံမှ သိရသည်။

S-03