News

POST TYPE

COVID 19

နတ်မောက်တွင် ပိုးတွေ့လူနာ ၂၆ ထပ်တိုး၊ ကျေးရွာသုံးရွာ အသွားအလာကန့်သတ်
10-Oct-2020


ချောက်၊ အောက်တိုဘာ ၁၀

မကွေးတိုင်း နတ်မောက်မြို့နယ်အတွင်း ပိုးတွေ့လူနာ ၂၆ ဦးထပ်တိုးလာပြီးနောက် ကျေးရွာသုံးရွာတွင် အသွားအလာကန့်သတ်လိုက်ကြောင်း နတ်မောက်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းစည်သူက ပြောကြားသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) ၏ အောက်တိုဘာ ၉ ရက်နေ့ဓာတ်ခွဲစစ်ဆေးချက်အရ ပိုးတွေ့လူနာ၂၄ ဦး ၊ RDT အမြန်စစ် Test Kit ဖြင့် စစ်ဆေးရာမှ နှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ ပိုးတွေလူနာများနေထိုင်သောကျေးရွာသုံးရွာကို အသွားအလာကန့်သတ်လိုက်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နတ်မောက်မြို့နယ်အတွင်း၌ အောက်တိုဘာ ၁၀ ရက်နေ့အထိ ပိုးတွေ့လူနာ ၃၃ ဦးအထိရှိခဲ့​ပြီး ၎င်းတို့အနက် ငါးဦးမှာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်သည်ဟု မြို့နယ်ဆရာဝန်ကြီးက ထပ်မံပြောဆိုသည်။

"ရွာတွေမှာ Quarantine ထား ထားတယ် ။ Quarantine ထားတဲ့လူတွေနဲ့ ရွာတွေကလူတွေ အမျိုးအဆွေတွေဖြစ်တဲ့အခါကျတော့ ထမင်းပို့၊ စကားပြောရှိတာပေါ့။ ထိတွေ့မှုလေးတွေတော့ နည်းနည်းရှိတာပေါ့နော်။ တစ်‌ယောက်စ နှစ်ယောက်စဆိုရင်တော့ ဒီအမိန့်ကို ထုတ်ဖို့အစီအစဉ်မရှိပါဘူး" ဒေါက်တာဝင်းစည်သူဝင်းက ရှင်းပြသည်။

  
ယင်းကြောင့် မနေ့ည (အောက်တိုဘာ ၉ ရက်) က မြင်သာ၊ ထုံးပေါက်ချိုင်း၊ဂွေးပင်စသည့် ကျေးရွာများကို တိုင်းကျန်းမာရေးဦးစီးဌာနမှူး ၏အမိန့်ဖြင့် အသွားအလာကန့်သတ်လိုက်ခြင်း ဖြစ်သည်။

ပိုးတွေ့လူနာများအနက်မှ အမျိုးသား ခုနှစ်ဦးကို မကွေးမြို့ရှိ တိုင်းဆေးရုံသို့ ပို့ဆောင်မည်ဖြစ်​ပြီး အမျိုးသမီးလူနာများကို နတ်မောက်ဆေးရုံတွင် စောင့်ကြပ်ဆေးကုသမှုပေးလျက်ရှိကြောင်း ဒေါက်တာစည်သူဝင်းက ပြောဆိုသည်။

မကွေးတိုင်းအတွင်း အောက်တိုဘာ၉ ရက်နေ့က နတ်မောက်မြို့နယ်အပြင် ရေနံချောင်းမြို့နယ်တွင် Quarantine ဝင်နေသူ ၁၂ ဦး၊ အောင်လံမြို့နယ်တွင် တစ်ဦးပိုးတွေ့ခဲ့ကြောင်း၊RDT အမြန်စစ် Test Kit ဖြင့် စစ်ဆေးရာမှတောင်တွင်းကြီးမြို့နယ်တွင် ၁၃ ဦး၊ဂန့်ဂေါမြို့နယ်တွင် တစ်ဦး၊ အောင်လံမြို့နယ်တွင်ခြောက်ဦး၊ သရက်မြို့နယ်တွင်တစ်ဦး ပိုးတွေ့ခဲ့၍ စုစုပေါင်း ၅၉ ဦး ပိုးတွေ့ခဲ့သည်ဟု မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ R .11