News

POST TYPE

COVID 19

ထန်းတပင်မြို့နယ်တွင် ရဲတပ်ကြပ်ကြီးနှင့် ဇနီးဖြစ်သူ ကိုဗစ်-၁၉ ကူးစက်ခံရ
05-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူူတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ရောဂါပိုးကူးစက်ခံရသည့် အသက် ၃၆ နှစ်အရွယ် ရဲတပ်ကြပ်ကြီးနှင့် ၎င်း၏ဇနီးမှာ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အနံ့အရသာ မရရှိသဖြင့် မြို့နယ်ဆေးရုံသို့ သွားရောက်ပြသခဲ့သည်။

ယင်းသို့ သွားရောက်ပြသစစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာလ ၃ ရက် ညပိုင်းက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန့်ချက်အရ ၎င်းတို့ဇနီးမောင်နှံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရကြောင်း သိရှိခဲ့ရသည်။

ရောဂါပိုးကူးစက်ခံရသဖြင့် ရဲတပ်ကြပ်ကြီးနှင့် ၎င်း၏ဇနီးမှာ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး ကိုဗစ်ရောဂါစင်တာတွင် ဆေးကုသမှုခံယူနေသည်။

ရဲတပ်ဖွဲ့ဝင်များတွင် ရောဂါပိုးကူးစက်သူများ တွေ့ရှိခဲ့ရပြီး ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ် ရဲမှူး နှင့် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦး၊ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၃ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရသည်။

S-03