News

POST TYPE

COVID 19

ရမည်းသင်း စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဥ်မောင်းခြောက်ဦး ကိုဗစ်-၁၉ ပိုးတွေ့
03-Oct-2020

မန္တလေး၊ အောက်တိုဘာ ၃

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် သဲကွဲကုန်တင်ယာဉ် ကျန်းမာရေးဆိုင်ရာစစ်ဆေးရေးဂိတ်၌ ဆေးစစ်မှုခံယူခဲ့သည့် ကုန်တင်ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက် ၆၀၀ ကျော်အနက် ခြောက်ဦးထံတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အောက်တိုဘာ ၂ ရက်နေ့က ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၄၀၀ ဦးကျော်ကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ လေးဦးတွေ့ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းအထိ ဆေးစစ်ခံသူ ၂၀၀ ဦးကျော်အနက် လူနာနှစ်ဦး တွေ့ရှိခဲ့ကြောင်း စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူဦးဇော်မင်းဟန်က ပြောကြားသည်။

ကုန်တင်ယာဉ်မောင်း ၊ယာဉ်နောက်လိုက်များအနေနှင့် သက်ဆိုင်ရာမြို့နယ်များတွင် ကျန်းမာရေးထောက်ခံချက် ရယူလာခြင်းမရှိသည့်အတွက် ရမည်းသင်းမြို့တွင် လူစုလူဝေးနှင့် ယာဉ်များပိတ်ဆို့ခဲ့ရခြင်းများရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။

“အမှန်က သူတို့က ထောက်ခံချက်ပါမှလာရမှာ၊ နားမထောင်ကြဘူး၊ ပါမလာတော့ ဒီမှာ အခက်အခဲတွေဖြစ်ကုန်တယ်၊ ဒါကို ဝန်ကြီးချုပ်ကိုယ်တိုင်ကိုင်တွယ်ပြီး စီမံခန့်ခွဲ ဖြေရှင်းနေပါတယ်၊ ကျန်းမာရေး၊ထွေအုပ်၊ မီးသတ်၊ ရဲတပ်ဖွဲ့ စတဲ့သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက ဖြေရှင်းပေးနေပါတယ်” ဟု ရမည်းသင်းမြို့နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးဇော်မင်းဟန်က ဆက်လက်ပြောဆိုသည်။



လတ်တလောကာလ၌ ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်စေရန် အရေးပေါ်စီမံချက်ဖြင့် ရမည်းသင်းမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို အခမဲ့စစ်ဆေးပေးနေခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ပိုးရှိမရှိစစ်ဆေးပြီးဖြစ်သည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ မောင်းနှင် လာသည့်ကုန်တင်ယာဉ်အရေအတွက်မှာ အောက်တိုဘာ ၂ ရက်က ကုန်တင်ယာဉ် ၂၁၀ စီး၊ အောက်တိုဘာ ၃ ရက်နေ့မွန်းလွဲပိုင်းအထိ ကုန်တင်ယာဉ် ၁၀၂ စီးတို့ကို စစ်ဆေးစေလွှတ်ပေးခဲ့ကြောင်း ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ရမည်းသင်းမြို့ သဲကွဲစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၃ ရက်နေ့မွန်းလွဲ ၃နာရီခန့်အထိ စစ်ဆေးရမည့် ကုန်တင်ယာဉ်အစီးရေ ၂၅၀ ကျော် ကျန်ရှိနေသေးကြောင်း ယင်းရဌာနထံမှ ထပ်မံသိရသည်။

ဘုန်းမြတ်

Crd-Mandalay GAD