News

POST TYPE

COVID 19

မကွေးမြို့ ကြာကန်ကျေးရွာမှ ပိုးတွေ့လူနာ ငါးဦး ဆေးရုံဆင်းခွင့်ရပြီ
03-Oct-2020


ချောက်၊ အောက်တိုဘာ ၃

မကွေးဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကြာကန်ကျေးရွာမှ ပိုးတွေ့အတည်ပြုလူနာငါးဦး သက်သာပျောက်ကင်းသွား၍ အောက်တိုဘာ၂ ရက်နေ့က ဆေးရုံမှဆင်းခွင့် ပေးလိုက်သည်ဟု မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

"မကွေးမြို့နယ် ကြာကန်ကျေးရွာကငါးဦး ဆင်းပါတယ်" မကွေးတိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောကြားသည်။

မကွေးမြို့နယ် ကြာကန်ကျေးရွာ Facility Quarantine စခန်း၌ Quarantine ဝင်နေသူ ရန်ကုန်ပြန်ငါးဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိ ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့သတင်း ထုတ်ပြန်ခဲ့ပြီးနောက် မကွေးမြို့ရှိ တိုင်းဆေးရုံတွင် ဆေးကုမှုခံယူနေခဲ့ရာမှ သက်သာပျောက်ကင်းသွားသဖြင့် ဆေးရုံဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းအတွင်း၌ အောက်တိုဘာလ ၂ ရက်နေ့အထိ ပိုးတွေ့လူနာ ၄၄ ဦးအထိရှိခဲ့ပြီး သက်ဆိုင်ရာဆေးရုံများတွင် ကုသမှုခံနေဆဲ ပိုးတွေ့အတည်ပြုလူနာ ၁၇ ဦးကျန်ရှိနေကြောင်း၊ကျန်လူများမှာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနထံမှ ထပ်မံသိရသည်။
R.11


ဓာတ်ပုံ-ကျန်းမာရေးဦးစီးဌာန