News

POST TYPE

COVID 19

ပိုးတွေ့သူနှင့်ထိတွေ့သည့် ဌာနဆိုင်ရာအကြီးအကဲ ၁၂ ဦး Quarantine ဝင်
14-Sep-2020


ပုသိမ်၊ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်း ပုသိမ်ခရိုင်စားသုံးသူ ရေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အရာရှိနှစ်ဦးနှင့် အစည်းအဝေးလုပ်ခဲ့သည့် တိုင်းနှင့်ခရိုင်အဆင့် အရာရှိ ၁၂ ဦး စက်တင်ဘာ ၁၃ ရက်နေ့မှစ၍ Quarantine ဝင်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

စက်တင်ဘာ ၁၂ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သည့် ပုသိမ်ခရိုင် စားသုံး သူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိတို့နှင့် အစည်း အဝေးလုပ်ခဲ့သော တိုင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ Quarantine ဝင်ရခြင်း ဖြစ်ကြောင်း ပုသိမ်ဆေးရုံအုပ် ကြီး ဒေါက်တာသန်းမင်းထွဋ်က အတည်ပြုပြောကြားသည်။

"ရောဂါပိုးကူးစက်မူအနေအထားအရ ဒုတိယညွန်ကြားရေးမှူးဟာ ရန်ကုန် မြို့ခရီးစဉ်အတွင်းမှာ ရောဂါပိုးကူးစက်ခံ ခဲ့ရတယ်လို့ယူဆပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ပုသိမ်ခရိုင်စားသုံးသူ ရေးရာရုံးကို လော့ဒေါင်းလုပ်ထားပြီး  ပိုးတွေ့လူနာနှင့် အစည်းအဝေးလုပ်ခဲ့သူ များ၊ ထိစပ်မိသူများသည် ပုသိမ်တက္ကသိုလ် နန္ဒာဆောင်ရှိ Facility Quarantine Center တွင် Quarantine ဝင်နေပြီဖြစ်သည်။

"လက်ရှိအခြေအနေမှာ ကျန်းမာ ရေးဆိုင်ရာ စစ်ဆေးမှုနဲ့ ရောဂါပိုးရှိမရှိ စစ်နေဆဲပဲ။ ပိုးတွေ့ရင်တော့ ဆေးရုံမှာ  ကုသပေးမှာပါ။ အခြားထိတွေ့သူတွေ၊  သွားလာမှုရှိတဲ့တွေကိုလည်း ဆက်စုံစမ်းပါ့မယ်" ဟု ပုသိမ်တက္ကသိုလ် နန္ဒာဆောင် ရှိ Facility Quarantine Center စေတနာ့ ဝန်ထမ်းအဖွဲ့မှ တာဝန်ရှိသူ ဦးရဲလေးက ပြောဆိုသည်။

စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ပိုင်းအထိ ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ခြောက်ဦးရှိနေပြီဖြစ်ကြောင်း ပုသိမ်မြို့ Covid-19 ရောဂါ သတင်းမှန်ထုတ်ပြန်ရေးကော်မတီထံမှသိရသည်။ 

R-04