News

POST TYPE

COVID 19

သုဝဏ္ဏယာယီဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် မကွေးနှင့် ဧရာဝတီတို့မှ ကျန်းမာရေးဝန်ထမ်းများရောက်ရှိ
14-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီးရှိ သုဝဏ္ဏ ယာယီဆေးရုံတွင် အားဖြည့်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးမှ အထက်တန်းသူနာပြု အယောက် ၂၀ ဝန်းကျင် ရောက်ရှိမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနထံမှ သိရသည်။

သုဝဏ္ဏ ယာယီဆေးရုံသစ်တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် နေပြည်တော်သို့ မကွေးတိုင်းဒေသကြီးမှ အထက်တန်း သူနာပြုနှင့် သူနာပြုအယောက် ၂၀ ခန့် သည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင်ထွက်ခွာလာပြီဖြစ်ကြောင်း ယင်းဌာန၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

၎င်းတို့သည် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏယာယီဆေးရုံတွင် စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ အထူးတာဝန်များ ထမ်းဆောင်ရန်အတွက် ရောက်ရှိလာခဲ့ ခြင်းဖြစ်ပြီး ယင်းတို့သည် မကွေးတိုင်းဒေသကြီးမှ နေပြည်တော်၊ ရန်ကုန်သို့ သီးသန့်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် Covid-19 လူနာများ တစ်နေ့တခြား ပိုမိုတွေ့ရှိလာရသည့်အတွက် ကုသမှု ခံယူရမည့် လူနာများအပြင် အသွားအလာ ကန့်သတ်မှု ခံယူရမည့်သူများအတွက်ပါ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြခြင်းဖြစ်ပြီး ယင်းတို့အပြင် ဧရာဝတီ တိုင်းဒေသကြီးမှ ကျန်းမာရေးဝန်ထမ်း ၆၄ ဦးလည်းရောက်ရှိလာပြီဖြစ်သည်။

Covid-19 ဒုတိယလှိုင်းတွင် Positive လူနာများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆွေးနွေးတိုင်ပင်ကာယာယီ  Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတုအားကစားကွင်းတွင် ၅ ရက်အတွင်း ပြီးတည်ဆောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အသိပေးထားသည်။

ယာယီဆေးရုံတွင် ပထမအဆင့် အနေနှင့် လူ ၂၀ဝ ဦး ထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လူဦးရေ ၄၀ဝ အထိ တိုးချဲ့ထားရှိနိုင်ရန်အတွက် အစီအစဉ် ရေးဆွဲဆောင်ရွက်နေကြောင်း ဦးဇော်ဇော်က ဆိုသည်။

ယင်းအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသရေးကိစ္စအဝ၀ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနှင့် နေ့စဉ်အစားအသောက် ကုန်ကျစရိတ် များအားလုံးကို ဧရာဝတီဖောင်ဒေးရှင်းက ကျခံပေးသွားမည်ဖြစ်ကာ လာရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေးများကိုလည်း ဆောင်ရွက်ပေးမည်ဟုလည်း ကြေညာထားသည်။

S-09