News

POST TYPE

COVID 19

၀န်ထမ်းများ အနံ့အရသာမရပါက ချက်ချင်းသတင်းပို့ရန် ညွှန်ကြား
13-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁၃ 

ဝန်ထမ်းများအနေနှင့် Covid-19 ရောဂါလက္ခဏာများ အထူးသဖြင့် အနံ့အရသာပျောက်ခြင်းဖြစ်ပေါ်ပါက အချိန် မဆိုင်းဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရ သော Covid-19 ရောဂါပိုး ကူးစက်မှု ဖြစ်စဉ်အပေါ် ကူးစက်ရောဂါဗေဒဆိုင်ရာ ဆန်းစစ်ချက်အရ ဖျားခြင်း ၅၉ ရာခိုင်နှုန်း၊ ချောင်းဆိုးခြင်း ၄၁ ရာခိုင်နှုန်း၊ လည်ချောင်း နာခြင်း ၁၅ ရာခိုင်နှုန်း၊ နှာချေခြင်း ၁၃ ရာခိုင်နှုန်းဖြစ်ပွားသည်။

ယင်းအချက်များအပြင် ထပ်မံတွေ့ရှိ ချက်များအရ အနံ့အရသာမခံစားရခြင်း မှာ သိသာထင်ရှားလာသော ရောဂါလက္ခဏာ ဖြစ်လာသည့်အပြင် အဆိုပါရောဂါ လက္ခဏာများ စတင်ခံစားရမှုကို သတိပြုမိသည်နှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်ဆောင်ရွက်ခြင်းမပြုဘဲ နာရီပိုင်းမျှနောက်ကျလျှင်ပင် မိမိမှ တစ်ဆင့် မိသားစုနှင့် အခြားသူများထံသို့ ကူးစက်စေနိုင်ကြောင်း ညွှန်ကြားချက်တွင်ပါရှိသည်။

ယင်းအတွက်ကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုံး၊ ဌာနများတွင် တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းများအနေနှင့် Covid-19 ရောဂါလက္ခဏာများ အထူးသဖြင့် အနံ့ အရသာပျောက်ခြင်းဖြစ်ပေါ်ပါက အချိန် မဆိုင်းဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ရန် တာဝန်ရှိသူ များက အသိပေးကြပ်မတ်သွားရမည်ဖြစ် သည်။

Covid-19 ရောဂါပိုးကူးစက်ခံ ရသူ ၇၀ ရာခိုင်နှုန်းကျော်သည် မည်သည့် ရောဂါလက္ခဏာမျှမပြဘဲ လူကောင်း တစ်ဦး ကဲ့သို့ ရက်အတန်ကြာနေထိုင်နိုင်သည့် အတွက် တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြေ မြင့်မားနေရာ ရောဂါပိုးတွေ့ရှိမှုများပြားသည့် မြို့နယ်များသို့ သွားရောက်ခဲ့သူများနှင့် အတည်ပြုလူနာများနှင့် ထိတွေ့ဖူးသူများကို အသွားအလာကန့်သတ်မှုများ ပြုလုပ်ပြီး စောင့်ကြည့်မှုများ ပြုလုပ်နေရခြင်း ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန် အထိ Covid-19 အတည်ပြုလူနာ ၂,၇၉၆ ဦးအထိရှိလာပြီး သေဆုံးသူ ၁၆ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

S-09