News

POST TYPE

COVID 19

Covid-19 ချေးငွေနှင့်ပတ်သက်၍ အခမဲ့အကြံပေးဝန်ဆောင်မှုပေးမည်
30-Jul-2020
ရန်ကုန်၊ ဇူလိုင် ၃၀

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် National Enlightenment Institute (NEI)  တို့ပူးပေါင်း၍ တိုင်းနှင့် ပြည်နယ်အချို့တွင် Covid-19 ချေးငွေလျှောက်လွှာများ ပြည်စုံမှန်ကန်စေရေးအတွက် အခမဲ့အကြံပေးဝန်ဆောင်မှု ပေးအပ်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

Covid-19 ကြောင့် ထိခိုက်မှုရှိသည့် စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာအကူအညီ ဆက်လက်ပေးအပ်နိုင်ရေးအတွက် ဒုတိယအကြိမ် Covid-19 19 stimulus Package ချေးငွေထုတ်ချေးပေးနိုင်ရန် ထုတ်ချေးပေးမည့် လုပ်ငန်းများအနက်မှ ဦးစားပေးအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းကို ချေးငွေများလွယ်ကူမှန်ကန်စွာ လျှောက်ထားနိုင်ရေးအတွက် ချေးငွေလျှောက်ထားရာတွင် သိရှိလိုက်နာဖြည့်စွက်ရမည့် Financial Statement? Loan Repayment များစသည့်အချက်အလက်များကို အခမဲ့အကြံဉာဏ်များပေးအပ်သွားမည်ဖြစ်သည်။

ယင်းဝန်ဆောင်မှုကို မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့၊ ကရင်ပြည်နယ်ရှိ ဘားအံမြို့နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် ပေးအပ်သွားမည်ဖြစ်ပြီး အကြံဉာဏ်ပေးရာတွင် လူဦးရေကန့်သတ်ထားကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါအကြံပေးဝန်ဆောင်မှုများကို ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် ဒေါ်မေနွယ်မင်းညိုက ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလက အခမဲ့အကြံပေးဝန်ဆောင်မှုကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တို့တွင် ကမ္ဘာ့ကုလသမဂ္ဂဖွံဖြိုးမှုစီမံကိန်း (UNDP) မှ ကျွမ်းကျင်ပညာရှင်များနှင့် အကြံပေးဝန်ဆောင်မှုများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

S-07