News

POST TYPE

COVID 19

Covid-19 Fund ချေးငွေကို ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ထုတ်ပေးနိုင်ရန် ဆောင်ရွက်မည်
26-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂၆

Covid-19 Fund ချေးငွေထုတ်ပေးမှုများ မြန်ဆန်သွက်လက်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပေးမှုအပြင် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့်လည်း ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးကို ဇူလိုင်လ ၂၃ ရက်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Covid-19 Fund ချေးငွေများကို စိစစ်ထုတ်ပေးလျက်ရှိရာ ခုနစ်ကြိမ်ထုတ်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ချေးငွေ ၁၀၁ ဒသမ ၁၂၈ ဘီလီယံထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့ပြီး ဒုတိယအကြိမ် ချေးငွေများထုတ်ပေးရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်နှင့်အညီ ရန်ပုံငွေကျပ်ဘီလီယံ ၁၀၀ ကို ပထမအရစ် ကျပ် ၃၅ ဘီလီယံ၊ ဒုတိယအရစ် ကျပ် ၃၅ ဘီလီယံ၊ တတိယအရစ် ကျပ် ၃၀ ဘီလီယံအစီအစဉ်အတိုင်း ခွဲဝေအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် တလျှောက်ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

အဆိုပါအစည်းအဝေးတွင် ဒုတိယအကြိမ် Covid-19 Fund ထပ်မံလျာထားရာတွင် ချေးငွေထုတ်ပေးမည့် လုပ်ငန်းကဏ္ဍများ သတ်မှတ်ရေး၊ ချေးငွေရယူထားသည့် လုပ်ငန်းများက ချေးငွေအသုံးပြုမှုအပေါ် စိစစ်ကြပ်မတ်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကပေးပို့လာသည့်ကိစ္စရပ်များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက အဆိုပြုတင်ပြလာသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

S-07