News

POST TYPE

COVID 19

အခြေခံပညာကျောင်းများမဖွင့်မီ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးပြင်ဆင်မှုများကို စစ်ဆေးမည်
28-Jun-2020
ရန်ကုန်၊ ဇွန် ၂၈

အခြေခံပညာကျောင်းများမဖွင့်မီ စီစစ်ဆေးရေးကော်မတီများဖွဲ့၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်မှုအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားသည်။

အဆိုပါစစ်ဆေးမှုကို ဇူလိုင်ပထမအပတ်တွင်စစ်ဆေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်အလိုက် စီစစ်ရေးကော်မတီများဖွဲ့၍ ရောဂါကူးစက်မှုဖြစ်ပွားခဲ့သော မြို့နယ်များကိုဦးစားပေး စစ်ဆေးသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

“ ကျောင်းပေါင်း ၄၇,ဝ၀၀ ကျော်ကို ဒီရက်ပိုင်းလေးအတွင်းနဲ့ ပြီးအောင်စစ်နိုင်မှာတော့မဟုတ်ဘူး။ လိုအပ်တဲ့ ကျောင်းတွေကို အလေးထားစစ်ဆေးသွားမှာပါ။ စစ်ဆေးတယ်ဆိုတာ ကျောင်းဖွင့်ဖို့အဆင်သင့်ဖြစ်ပြီလား မဖြစ်သေးဘူးလာဆိုတာပါပဲ”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။

ကျောင်းဖွင့်ချိန်တွင် ကျောင်းသားတိုင်းကို Mask ၂ ခုစီနှင့် Face shield ၁ ခုစီပေးမည်ဖြစ်ပြီး ကိုယ်အပူချိန်တိုင်း ကိရိယာများကို ကျောင်းသားဦးရေ ၁၀၀ ရှိသောကျောင်းကို ၁ ခု၊ ၅၀၀ ဦးရေလျှင် ၂ ခု၊ ၁၀၀၀ ဦးရေလျှင် ၃ ခု၊ ၁၀၀၀ နှင့် အထက်ဆိုလျှင် ၅ ခုအထိ ပေးမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

လက်ရှိ ကျောင်းများမဖွင့်မီအချိန်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းဆောင်ရွက်ရာတွင် ပြင်ပစေတနာရှင်အဖွဲ့များမှလည်းပါဝင်၍ ပညာပေးခြင်းအစီအစဉ်များအပြင် ရုပ်မြင်သံကြားလိုင်းမှ ပညာပေးစကားဝိုင်းဆွေးနွေးပွဲများလည်း ထုတ်လွှင့်နေကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

အခြေခံပညာကျောင်းများတွင် အထက်တန်းများအတွက် ကျောင်းအပ်နှံရေးကာလကို ဇူလိုင်လ ၁၃ ရက်မှ ဇူလိုင် ၁၇ ရက် သတ်မှတ်ထားပြီး ဇူလိုင်လ ၂၁ ရက်တွင် အထက်တန်းမှ စ၍ ဖွင့်လှစ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုအခြေအနေပေါ်မူတည်၍ အလယ်တန်းဆင့်နှင့် မူလတန်းဆင့်တို့ကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်နိုင်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-02