News

POST TYPE

COVID 19

COVID-19 ကာလအတွင်း နေပြည်တော် အိမ်၊ ခြံ၊ မြေ ယခင်ထက် ပိုမိုအရောင်းအဝယ်ဖြစ်
25-Jun-2020


ရန်ကုန်၊ ဇွန် ၂၄

COVID-19 ကာလအတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်များ နေရာအများစုတွင် အေးနေသော်လည်း နေပြည်တော်တွင် ယခင်ကထက် အရောင်းအဝယ်များ ပိုမိုဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (နေပြည်တော်) ထံမှ သိရသည်။

“နေပြည်တော်က ဒုတိယမေမြို့လို ဖြစ်နေတယ်။ ဘယ်နေရာသွားသွား အချက်အချာကျတယ်။ လမ်းတွေက လည်းကောင်းပြီး လုံခြုံရေးအပြည့်အဝရှိသလို မြို့ကြီးအဖြစ် ရန်ကုန်၊ မန္တလေးတို့လို ကျောင်းတွေ၊ တက္ကသိုလ်ကြီးတွေဖွင့်လာတော့ အဝယ်အရမ်းဖြစ်တယ်” ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (နေပြည်တော်) ဒုတိယ ဥက္ကဋ္ဌ (၂) ဦးနန္ဒကျော်က ပြောဆိုသည်။

လက်ရှိနေပြည်တော်ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ ပေ ၄၀၊ ပေ ၆၀ တစ် ကွက်လျှင် ကျပ်သိန်း ၁၀၀ ဝန်းကျင်မှ ကျပ်သိန်း ၅၀၀၀ ခန့်အထိ ရပ်ကွက်အလိုက် ဈေးနှုန်းများကွာခြားပြီး အများစုမှာ နေအိမ်ပါခြံများထက် မြေကွက်များကို လူကြိုက်များလျက်ရှိကြောင်း ၎င်းကဆိုသည်။

နေပြည်တော်တွင် အရောင်းအဝယ်အများဆုံးဖြစ်ပေါ်သည့် နေရာများမှာ သပြေကုန်းဈေးအနီးနှင့် ဥတ္တရသီရိ မြို့နယ်တို့ဖြစ်ပြီး အချို့မြေကွက်များမှာ ကျပ်သိန်း ၈၀၀ ဝန်းကျင်မှ ကျပ်သိန်း ၄၅၀၀ အထိပေါက်ဈေးရှိကြောင်း နေပြည်တော် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်သူများထံမှ သိရသည်။

ထို့ပြင် နေပြည်တော်၏ မြေကွက်ပိုင်ဆိုင်မှုစာရွက်စာတမ်းများမှာလည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီက ချထားပေးသည့် နှစ် ၃၀ ဂရန်မြေ ကိုရရှိသည့်အတွက် ပိုင်ဆိုင်မှုခိုင်မာသည့် မြေနေရာများကိုရရှိသဖြင့် လူကြိုက်များပြီး အဝယ်အနေနှင့် ရန်ကုန်က အများဆုံးဝယ်ယူမှုရှိကြောင်း ဇေယျာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းထံမှ သိရသည်။

J-03