News

POST TYPE

COVID 19

ထိုင်းနယ်စပ်တွင် ပိတ်မိနေသည့် ရွှေ့ပြောင်းအလုပ်သမား ၄၀ ပြန်ဝင်ခွင့်ရ
21-Jun-2020


ရန်ကုန်၊ ဇွန် ၂၁

ထိုင်းနယ်စပ်တွင် ပိတ်မိနေသည့် ရွှေပြောင်းအလုပ်သမား ၄၀ ဦးမှာ ဇွန်လ ၂၀ ရက်နေ့၌ သက်ဆိုင်ရာက အချက်အလက်များ စစ်ဆေးကာ မြန်မာနိုင်ငံသို့ ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားသည်။

ထိုင်းနယ်စပ်တွင်ပိတ်မိခဲ့သည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ကို သက်ဆိုင်ရာအချက်အလက်များ စိစစ်၍ ပြန်ဝင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ပထမဖြစ်တဲ့နေ့ ဝင်ခွင့်မပေးဘူးဆိုတာမှာ သူတို့မှာ အချုပ်လည်း ကျခံခဲ့ရတယ်။ အချုပ်ထဲက လူတော်တော်များများက ရောဂါကူးစက်မှုခံရတယ်။ အချုပ်ထဲမှာလည်း Positive လူနာတွေရှိတော့ ထိတွေ့နေတော့ တစ်ယောက်ကူးရင် အကုန်ကူးမှာ။ အဲဒါကြောင့် ပြည်ဝင်ခွင့်ပြုလိုက်တာ” ဟု ၎င်းကရှင်းပြသည်။

ယင်းရွှေ့ပြောင်းအလုပ်သမားများကို မြန်မာပြည်သို့ ပြန်ပို့ရာတွင် နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အတိုင်း ထိုင်းဘက်က ပြန်မပို့သဖြင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက လက်ခံရန်အဆင်မပြေသဖြင့် ဇွန်လ ၁၉ ရက်နေ့တွင် ပြည်တွင်းသို့ အဝင်မခံခြင်းဖြစ်ကြောင်း ဦးသန့်ဇင်အောင်က ပြောကြားသည်။

နှစ်နိုင်ငံသဘောတူညီချက်အရ ပြစ်ဒဏ်ကျပြီးသူများကို လွှဲပြောင်းပေးအပ်ရာတွင် နှစ်နိုင်ငံဆက်သွယ်မှုအရ လွှဲရမည့်နေ့ရက်တွင် သွားရောက်စစ်ဆေးရာ၌ လဝက၊ ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အလုပ်သမားဦးစီးဌာနတို့ပါဝင်ပြီး မြန်မာနိုင်ငံသားဖြစ်သည့်အတွက် ထိုင်းသံအရာရှိများနှင့်ချိတ်ဆက်ပြီး ပြန်လက်ခံခဲ့ကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၀ သည် အချုပ်ကျခဲ့သည့်အတွက် အခြားနေရပ်ပြန်များနှင့် ရောမထားဘဲ သီးသန့်ခွဲထားကာ ၎င်းတို့၏သွေးနမူနာများကိုလည်း စစ်ဆေးထားပြီး မြဝတီသဘာဝတရားရိပ်သာတွင် ၂၁ ရက်ထား၍ စောင့်ကြည့်သွားမည်ဖြစ်သည်။

J-01