News

POST TYPE

COVID 19

မေ့ဆေးဆရာဝန်ကြီး၏ ဓါတ်ခွဲအဖြေငါးကြိမ်တွင် Positive နှင့် Negative တစ်လှည့်စီ ဖြစ်နေ
03-May-2020
ရန်ကုန်၊ မေ ၃

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ပြည်ဆေးရုံမှ မေ့ဆေးဆရာဝန်ကြီးကို ဓါတ်ခွဲစစ်ဆေးချက်များအရ Positive နှင့် Negative တစ်လှည့်စီ အဖြေဖြစ်ပေါ်နေကြောင်း ကာယံကံရှင်က ထုတ်ဖော်ပြောကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာအမှတ် ၃၀ ပြည်ဆေးရုံမှ မေ့ဆေး ဆရာဝန်ကြီးသည် ပထမအကြိမ် ဓါတ်ခွဲစစ်ဆေးချက်အရ Positive ဖြစ်ခဲ့ပြီး ဒုတိယအကြိမ်စစ်ဆေးရာ Negative၊ တတိယအကြိမ် စစ်ဆေးခဲ့ရာ Positive ထပ်မံဖြစ်ပေါ်ခဲ့ကာ လေးကြိမ်မြောက် စစ်ဆေးရာတွင် Negative ထပ်မံ ဖြစ်ပေါ်ခဲ့သလို ငါးကြိမ်မြောက်စစ်ဆေးရာတွင် Positive ဖြစ်ကြောင်း ယင်းက Fcebook စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ဆရာဝန်ကြီးသည် ပေါက်ခေါင်းမြို့နယ်မှ လူနာအမှတ် ၁၇ (သေဆုံး)ကို အသက်ရှုပိုက်တပ်ပေးရင်း ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံတွင် ရောဂါကုသမှုခံနေပြီး ယင်း၏ ကျန်းမာရေးအခြေအနေမှာ လက်တလောကောင်းမွန်နေကာ ဧပြီလ ၂၈ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အွန်လိုင်းမှ ပြုလုပ်သည့် Video Confrance အစီအစဉ်ကိုလည်း တက်ရောက်ခဲ့သည်။

၎င်း၏ ဓါတ်ခွဲစစ်ဆေးမှုများနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူထံ မေလ ၂နာရီခွဲဝန်းကျင်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

မြန်မာနိုင်ငံတွင် မေလ ၂ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၁ ဦးရှိခဲ့ပြီး ရောဂါပြန်လည်ပျောက်ကင်းသူ ၃၇ ဦးရှိကာ သေဆုံးသူ ၆ ဦးရှိထားသည်။

S-09