News

POST TYPE

CHAMPIONS LEAGUE

ရာမို့စ်နှင့် ပီကေးတို့ ဆက်ဆံရေး ပျက်စီး၊ ပီကေးကို စပိန်ပရိသတ်များ လှောင်ပြောင်
03-Oct-2017
မက်ဒရစ်၊ အောက်တိုဘာ ၃

စပိန်လက်ရွေးစင် နောက်ခံကစားသမား ရာမို့စ်နှင့် ပီကေးတို့သည် ကတ်တလန် လွတ်လပ်နယ်မြေ ခွဲထွက်ရေးကိစ္စတွင် ခံယူချက်ခြင်း ကွဲလွဲကာ ဆက်ဆံရေး ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

ပီကေးသည် ကတ်တလန် လွတ်လပ်နယ်မြေ တည်ထောင်ခွင့် ရနိုင်ရေးကို အစဉ်တစိုက် ထောက်ခံခဲ့သူဖြစ်ပြီး ၎င်း၏ နိုင်ငံရေးခံယူချက်ကို သဘောမကျပါက စပိန်လက်ရွေးစင် အသင်းအတွက် ၎င်းကို မရွေးချယ်ဘဲ ထားနိုင်သည်ဟုလည်း ပီကေးက အတိအလင်း ပြောကြားထားပြီဖြစ်သည်။

ရာမို့စ်နှင့် ပီကေးတို့သည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူရို ၂၀၁၂ ပြိုင်ပွဲတို့တွင် စပိန်အသင်း ချန်ပီယံဖြစ်ခဲ့ရာ၌ တွဲဖက်ညီညီ အစွမ်းပြခဲ့သူများဖြစ်ကြပြီး လက်ရှိ အခြေအနေများအရ ၎င်းတို့နှစ်ဦးကို အတူအကွ ပွဲထုတ်ရန်မှာ စပိန်လက်ရွေးစင် အသင်းနည်းပြ လိုပီတွီဂီအတွက် အခက်အခဲများ ရှိနေပြီလည်းဖြစ်သည်။

ပီကေးသည် စပိန်ရဲတပ်ဖွဲ့က ကတ်တလန် လွတ်လပ်နယ်မြေ ခွဲထွက်ရေးအတွက် ဆန္ဒမဲပေးရန် ကြိုးပမ်းသည့် ကတ်တလန် ဒေသခံများကို အကြမ်းဖက် ဖြိုခွဲခဲ့သည့်လုပ်ရပ်အတွက် လွန်စွာ စိတ်ပျက်လက်ပျက် ဖြစ်နေပြီး အခက်အခဲပေါင်း များစွာကို ကျော်လွှား၍ ဆန္ဒမဲပေးခဲ့သူများအတွက် ၎င်းအနေနှင့် လွန်စွာ ဂုဏ်ယူရပါကြောင်း၊ ကတ်တလန်ဒေသ လွတ်လပ်နေမြေအဖြစ် ရပ်တည်ခွင့်ရရှိရေးအတွက် ၎င်းကိုယ်တိုင်လည်း ဘဝတစ်လျှောက်လုံး အဆက်မပြတ် တိုက်ပွဲဝင်နေမည်သာဖြစ်ကြောင်း ပီကေးက ဖွင့်ဟအသိပေးထားပြီလည်းဖြစ်သည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် စပိန်လက်ရွေးစင်အသင်း လေ့ကျင့်ရေးဆင်းသည်ကို တက်ရောက် အားပေးကြည့်ရှုခဲ့သော ပရိသတ်များသည် ကတ်တလန် လွတ်လပ်နယ်မြေ ခွဲထွက်ရေးကို ထောက်ခံခြင်းကိစ္စအတွက် ပီကေးကို လှောင်ပြောင် သရော်သွားခဲ့ကြပြီး ယင်းအချက်ကြောင့်လည်း စပိန်လက်ရွေးစင် အသင်းအတွက် ကစားပေးရမည်ကို ပီကေးက စိတ်ပျက်မှုများ ရှိနေပြီဖြစ်သည်။


  • VIA