News

POST TYPE

CARTOON

ငြိမ်းချမ်းရေးကို ဘာ့ကြောင့် မလိုချင်ကြတာလဲ
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဂီတဝါသနာရှင်တွေကို အခြေခံပြီး ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဂီတ ပွဲတော်ကြီးကတော့ နောက်ဆုံးအဆင့် ဗိုလ်လုပွဲ (Grand Final) ကြီးကို ရွှေတိဂုံစေတီတော်ရဲ့ ခြေတော်ရင်း ပြည်သူ့ရင်ပြင်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ဒီပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ယှဉ်ပြိုင်ပြီး ဆုအသီးသီးရရှိ ခဲ့သူတွေ၊ သူတို့ကိုအားပေးကြတဲ့ အမာခံပရိသတ်တွေကတော့ ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြည်နူးကြမှာကတော့ အမှန်ပဲဖြစ်ပါတယ်။

ကျွန်တော်ကတော့ ဂီတရဲ့ နိမ့်သံမြင့်သံတွေ၊ စည်းနဲ့ဝါးတွေကို နားမလည်ပေမယ့် အဲဒီ ဂီတသံစဉ်တွေရဲ့နောက်က သီချင်းစာသားတွေရဲ့ အဓိပ္ပာယ်ကိုတော့ နားလည်ခံစားမိပါတယ်။ သူတို့တစ်တွေ သီဆိုခဲ့ကြတဲ့ အဓိကအနှစ်သာရကတော့ ငြိမ်းချမ်းရေးကို လိုချင်ကြတာပါပဲ။ ဒါကြောင့်လည်း သူတို့သီဆိုသွားကြတဲ့ သီချင်းတော်တော်များများမှာ စစ်ပွဲတွေရပ်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အသံတွေဟာ သောသောညံသွားခဲ့ပါတယ်။ သူတို့တစ်တွေဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုကြတာဖြစ်လို့ တစ်နည်းပြောရရင် “စစ်ပွဲတွေရပ်” ဆိုတာနဲ့ “ငြိမ်းချမ်းရေ”ဆိုတဲ့ အသံတွေဟာ မြန်မာပြည်တစ်နံတစ်လျားမှာ ရှိကြတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အသံတွေပဲ ဖြစ်ပါတယ်။

အဲဒီ “စစ်ပွဲတွေရပ်”ဆိုတာနဲ့ “ငြိမ်းချမ်းရေး”ဆိုတဲ့ အသံတွေဟာ ရွှေတိဂုံစေတီတော်ရဲ့ခြေတော်ရင်း ပြည်သူ့ရင်ပြင်ကနေ တစ်ပြည်လုံးကို ပျံ့နှံ့ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီအသံတွေဟာ လက်နက်စွဲကိုင်ပြီး တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အဲဒီ အဖွဲ့အစည်းတွေမှာ ပါဝင်ကြတဲ့ တိုင်းရင်းသားတွေ ကြားကြမှာပဲ ဖြစ်ပါတယ်။ ကြားကြရုံသက်သက်ထက် သူတို့တစ်တွေရဲ့ ရင်ထဲကို စူးဝင်သွားစေချင်ပါတယ်။ သီဆိုကြတဲ့သူတွေဟာ (ဒိုင်လူကြီးတွေပြောသလို) ရင်ဘတ်ကြီးနဲ့ သီဆိုတာဖြစ်လို့ နားဆင်ခံစားကြသူတွေရဲ့ ရင်ဘတ်ကြီးထဲကို ရောက်လိမ့်မယ်လို့ထင်ပါတယ်။

၂၀၁၇ ခုနှစ်ဟာ မကြာခင်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်ကို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနှစ် ဖြစ်စေချင်တယ်လို့ နှစ်ဦးတုန်းကပြောခဲ့တာကို ပြန်လည်အမှတ်ရမိပါတယ်။ ပြောခဲ့တဲ့အတိုင်းပဲ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးကို ပြန်ကြည့်ရင် အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုတွေ အပါအဝင် ပုံစံအမျိုးမျိုး၊ အမည်အမျိုးမျိုးနဲ့ အဖွဲ့အစည်းအမျိုးမျိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ အကြိမ်ပေါင်း မနည်းပါဘူး။ ပြည်တွင်းမှာထုတ်ဝေခဲ့တဲ့ သတင်းစာ၊ ဂျာနယ်နဲ့ရုပ်သံအပါအဝင် မီဒီယာအမျိုးမျိုးက ရေးသားထုတ်လွှင့်ခဲ့တဲ့ သတင်း၊ ဆောင်းပါးအစုံအလင်မှာလည်း  “ငြိမ်းချမ်းရေး”ဆိုတဲ့ ဝေါဟာရဟာ အကြိမ်ရေ သန်းနဲ့ချီပြီး ပါဝင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံတကာက ရောက်လာကြတဲ့ ဧည့်သည်ကြီး၊ ဧည့်သည်ငယ် အားလုံးနီးပါးက ပြောဆိုကြတဲ့ စကားတွေထဲမှာလည်း “ငြိမ်းချမ်းရေး”ဆိုတဲ့စကားလုံးက ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်။

ပြည်တွင်း၊ ပြည်ပက ပြောသမျှ၊ ဆိုသမျှ၊ ရေးသမျှတွေထဲမှာ “စစ်ပွဲတွေရပ်”ဆိုတဲ့စကားလုံးတွေ “ငြိမ်းချမ်းရေး”ဆိုတဲ့ စကားလုံးတွေ ဒီလောက် အကြိမ်ရေများစွာ ထောင် သောင်း သိန်း သန်း မက ပြောနေဆိုနေ တောင်းဆိုနေကြသော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးလမ်းစ တကယ်ပေါ်ပေါက်နေပါပြီလား။ ငြိမ်းချမ်းရေးရဖို့ အမှန်တကယ် နီးစပ်နေကြပါပြီလား။

မကြာသေးခင်က တောင်ပေါ်လမ်းခရီးတစ်ခုကို ကားမောင်းပြီး သွားခဲ့ရပါတယ်။ မောင်းသွားရင်းနဲ့ ရှေ့မှာမြင်တွေ့နေရတဲ့ တောင်ထိပ်က ထုံးဖြူဖွေးဖွေး စေတီလေးဟာ မြင်ကွင်းထဲကိုပေါ်လာလိုက်၊ မြင်ကွင်းကနေ ပျောက်သွားလိုက်၊ လက်ဝဲဘက်ကို ရောက်လာလိုက်၊ လက်ယာဘက်ကို ရောက်သွားလိုက်၊ အနီးကို ရောက်တော့မလိုလိုနဲ့ မသိမသာ ဝေးဝေးကျန်ခဲ့ပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ ဟိုးအဝေးကြီးမှာ မှုန်ပျပျကျန်ခဲ့တာကို တွေ့လိုက်ရပါတယ်။ စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာတာက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးခရီးဟာ ဒီလိုများဖြစ်နေပြီလား။ ဘုရား၊ ဘုရား၊ ဒီလိုမဖြစ်ပါစေနဲ့လို့ပဲ စိတ်ထဲက ကြိတ်ပြီး ဆုတောင်းလိုက်မိပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းမှု တစ်ခါလုပ်ပြီးတိုင်း  ဆွေးနွေးပွဲမှာပါဝင်ခဲ့ကြသူတွေရဲ့ ပြောစကားတွေဟာ တကယ်ကို အားရ ကျေနပ်စရာ၊ အားတက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲတစ်ခုနဲ့တစ်ခုအကြား ပြောကြဆိုကြတဲ့စကားသံတွေနဲ့ မြေပြင်က ထွက်ပေါ်လာတဲ့ ကြိုးကြား ကြိုးကြား သေနတ်သံတွေကတော့ တောင်ပေါ်က ဘုရားလေးလို ပေါ်လိုက်ပျောက်လိုက်နဲ့ နောက်ဆုံးအဝေးမှာ ကျန်ခဲ့သလိုမျိုးဖြစ်မှာ စိုးရိမ်မိပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေးရဖို့အတွက် အဓိကလိုအပ်ချက်ကတော့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်တဲ့စိတ်ရှိဖို့ပဲ ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့စာအုပ်တွေ၊ လူကြီးတွေရဲ့ ဆုံးမစကားတွေမှာလည်း “တစ်စုံတစ်ခုကို အမှန်တကယ်လိုချင်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒသာရှိခဲ့ရင် တစ်နေ့မှာ ကိုယ်ဟာ အဲဒီအရာကို လက်ဝယ်ပိုင်ပိုင်ရရှိမှာပဲ ဖြစ်တယ်လို့”ပြောဆိုဆုံးမခဲ့ကြတာကို မှတ်သားနာယူခဲ့ကြပါတယ်။ လူတစ်ယောက်ဟာ တစ်စုံတစ်ရာကို လိုချင်တဲ့စိတ်ပြင်းထန်လာရင် အဲဒီအရာကို ရရာရကြောင်း နည်းလမ်းကောင်းတွေကို ရှာဖွေပါတယ်။ ဘယ်လိုပဲ အခက်အခဲရှိရှိ အဲဒီ အခက်အခဲတွေကို ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိတွေနဲ့ ကျော်လွှားဖြတ်ကျော်ပြီး လိုချင်တာကို ကျားကုတ်ကျားခဲ မရရအောင် ကြိုးပမ်းအားထုတ်ကြတဲ့အတွက် တစ်နေ့မှာ လိုရာပန်းတိုင်ကို ရောက်ရှိကြတာပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းခုနစ်ဆယ်လောက် ရှည်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်မီးတွေ မရပ်စဲတာဟာ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုချင်တဲ့ ဆန္ဒမရှိကြလို့ပဲလား၊ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်က အပစ်အခတ်ရပ်စဲရေးကို ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တိုင်းရင်းသားတွေဘက်က တင်ပြတာက အရင်အစိုးရတွေဟာ အပစ်အခတ်ရပ်စဲရေးအဆင့်မှာသာ ရပ်ထားခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲအထိ မရောက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဦးသိန်းစိန်အစိုးရက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို အရင်လုပ်မယ်။ ပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို တစ်ဆက်တည်း လုပ်မယ်ဆိုပြီး NCA (Nationwide Ceasefire Agreement) လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အားလုံးသဘောတူ ညှိနှိုင်းရေးဆွဲခဲ့ကြပြီး လက်မှတ်ထိုးခါနီးကျမှ ရှစ်ဖွဲ့က လက်မှတ်မထိုးကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ပေးထားတဲ့ကတိအတိုင်း အစိုးရသက်တမ်းမကုန်မီ ငြိမ်းချမ်းရေး ညီလာခံတစ်ရပ်ကို ခေါ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုကို အစပျိုးလုပ်ကိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ရွေးကောက်ခံပြီးတက်လာတဲ့ အမျိုးသားဒီမိုကရေစီ အစိုးရအနေနဲ့လည်း ယခင်အစိုးရက အစပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်လျှောက်လှမ်းဖို့အတွက် အဖွဲ့အစည်းတွေကို ပြင်ဆင်ဖွဲ့စည်းခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုတချို့လုပ်ခဲ့ပြီး ညီလာခံရဲ့အမည်ကိုလည်း “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ”လို့အမည်ပေးပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင် ညီလာခံကို နှစ်ကြိမ်တိုင်တိုင်ကျင်းပပြီးလို့ တတိယအကြိမ်ညီလာခံကိုလည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်မယ်လို့ အကြမ်းဖျင်းလျာထား သတ်မှတ်ပြီး ဖြစ်ပါတယ်။

ဒီကနေ့ ရောက်ရှိနေတဲ့ နိုင်ငံရေးအရွေ့ကို ကြည့်မယ်ဆိုရင် တစ်ချိန်တုန်းက ဘယ်လိုမှမရှိခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက တစ်ချိန်တုန်းက ရဲရဲတောင် အသံမထွက်ရဲတဲ့၊ အသံထွက်ရင်တောင် ပြည်ထောင်စုပြိုကွဲမယ်ဆိုတဲ့ ပုဒ်မအတပ်ခံရနိုင်တဲ့ “ဖက်ဒရယ်မူ”ဆိုတဲ့ ဝေါဟာရ/စကားလုံးကို လှိုင်လှိုင်ကြီး အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ UPDJC ရဲ့ (၁၂)ကြိမ်မြောက် အစည်းအဝေးမှာ “ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် အနာဂတ်ကိုရှေးရှုပြီး အားလုံးပါဝင်ဖို့ ထပ်မံပြီးဆော်ဩချင်ပါတယ်”လို့ ပြောသွားတာကို ကြည့်ခြင်းအားဖြင့် ဒီကနေ့ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးရဲ့ အန္တိမရည်မှန်းချက်ဟာ “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး” ဖြစ်ပေါ်လာရေးကလွဲလို့ တခြားဘာမှမရှိပါဘူး။

အထက်မှာဖော်ပြခဲ့တဲ့ UPDJC အစည်းအဝေးမှာပဲ ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့တာက “အခုကနေစပြီးတော့ လာမယ့် ၂၀၁၈ ခုနှစ်အထိ အချိန်ကာလအတွင်းမှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို အခြေခံအုတ်မြစ်အနေနဲ့ ချမှတ်နိုင်ဖို့ ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက် သွားဖို့လိုပါတယ်”၊“ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးဟာ နိုင်ငံရေးသဘောတူညီချက်များ ရရှိရေးအပေါ် မူတည်နေတာဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေအောင်မြင်မှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်”...ဆိုပြီးတော့ ပြောဆိုသွားတာကိုလည်း ဖတ်ရှုလိုက်ရပါတယ်။

တကယ်တော့ UPDJC ဥက္ကဋ္ဌရဲ့ ပြောကြားချက်တွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လိုချင်တာ/တောင်းဆိုနေတာတွေနဲ့ တစ်ထပ်တည်း ကျနေတာဖြစ်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးခရီးကို ဆက်လက်လျှောက်လှမ်းဖို့ဆိုရင် လျှောက်လှမ်းရမယ့်လမ်းခရီးမှာ အဟန့်အတားသဖွယ် ဖြစ်နေတဲ့ “NCA သဘောတူစာချုပ် လက်မှတ်မရေးထိုးသေးတဲ့ကိစ္စ”ကို အမြန်ဆုံး ကျော်လွှားဖို့လိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း အဲဒီအစည်းအဝေးမှာပဲ “၂၁ ရာစု ပင်လုံညီလာခံရဲ့ နိုင်ငံရေးဆွေးနွေးပွဲ တံခါးကို အစဉ်အမြဲဖွင့်ထားတဲ့အကြောင်း၊ ဘယ်တော့မဆို ငြိမ်းချမ်းရေးနယ်ပယ်ထဲမှာ ပါဝင်လာချင်တဲ့ အစုအဖွဲ့တွေကို ကြိုဆိုတဲ့အကြောင်း”ကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်ရေးဆွဲထားတဲ့ NCA လမ်းကြောင်းအတိုင်းပဲ သွားမယ်ဆိုတာ အကြိမ်ကြိမ်ပြောကြားထားပြီ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့အစဉ်တစိုက် တောင်းဆိုခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာ လက်တစ်ကမ်းအလိုမှာပဲ ရောက်ရှိနေပြီဖြစ်ပါတယ်။ မိမိတို့အားလုံး စုပေါင်းရေးဆွဲပြီး အတည်ပြုထားခဲ့တဲ့ NCA လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ဘာကြောင့် လက်မှတ်ရေးထိုးခြင်း မပြုကြတာလည်းဆိုတာ ရိုးသားတဲ့၊ လက်နက်ကိုင်မထားတဲ့၊ စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေကြတဲ့ တိုင်းရင်းသားတွေအားလုံးက သိချင်နေတဲ့အဖြေပဲ ဖြစ်ပါတယ်။

အဲဒီတိုင်းရင်းသားတွေရဲ့ရင်ထဲမှာ မေးချင်ပေမယ့် မမေးရဲတဲ့မေးခွန်း နှစ်ခုရှိနေပါတယ်။ ပထမမေးခွန်းကတော့ ငြိမ်းချမ်းရေးမလိုချင်ဘူးလား ဆိုတဲ့ မေးခွန်းဖြစ်ပြီးတော့ ဒုတိယဆက်ပြီး မေးချင်တဲ့ မေးခွန်းကတော့ တကယ်လို့ ငြိမ်းချမ်းရေး မလိုချင်ဘူးဆိုရင်... ဘာကြောင့် ငြိမ်းချမ်းရေး မလိုချင်ကြတာလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်...။

သိန်းထက်အောင်