News

POST TYPE

BUSINESS

အဖမ်းအဆီးကြမ်း၍ တရုတ်သို့ဆန်တင်ပို့မှု ခေတ္တရပ်ဆိုင်း
19-Aug-2016 tagged as ဆန်

တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေသော မြန်မာ့ဆန်များကို တရုတ်အစိုးရဘက်က အဖမ်းအဆီး များပြားနေခြင်းကြောင့် လတ်တလော တရုတ်နိုင်ငံဘက်သို့ ဆန်တင်ပို့မှု ခေတ္တရပ်ဆိုင်းထားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ 

"တရုတ်က ဖမ်းနေတော့ လောလောဆယ် ပို့လို့မရဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မသွားခင် ရက်ပိုင်းတုန်းကပေါ့။ ဘာပစ္စည်းမှ ပို့လို့မရဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ခဏရပ်ထားရတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

သြဂုတ်လ ၁၄ ရက်နေ့က မြန်မာ့ဆန်၊ သကြားနှင့် ပြောင်းများ တင်ဆောင်သွားသည့် ကုန်တင်ယာဉ် အစီးရေ ၂၀၀ ကျော်ကို တရုတ်နိုင်ငံဘက်က ဖမ်းဆီးထားကြောင်း မူဆယ်ကုန်စည်ဒိုင်ထံမှ သိရသည်။ 

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တရုတ်နိုင်ငံသို့ ၈၀ ရာခိုင်နှုန်းခန့် တင်ပို့နေခြင်းဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းမှာ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့နေခြင်း ဖြစ်သည်။ 

ယခုနှစ်အတွင်း တရုတ်နိုင်ငံဘက်မှ ဆန်ဝယ်ယူမှုသည် ထက်ဝက်နီးပါးအထိ  ကျဆင်းလျက်ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့သည့် အဓိကလမ်းကြောင်းဖြစ်သော မူဆယ် ဆန်ဈေးကွက်အတွင်းသို့ ယခင်က တစ်ရက်လျှင် ဆန်တန်ချိန် ၃၀၀၀ မှ ၄၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ်ရက်လျှင် တန်ချိန် ၁၅၀၀ မှ ၂၀၀၀ ခန့်သာ တင်ပို့နိုင်ကြောင်း အဆိုပါ ဆန်ဈေးကွက်အတွင်းမှ သိရသည်။

  • VIA