News

POST TYPE

BUSINESS

မြန်မာ့အာမခံလုပ်ငန်းက ယခုနှစ်အတွင်း ကုန်ပစ္စည်း ရေစိုပျက်စီးမှုအတွက် ကျပ် ၄၉၄ သန်းကျော် ပေးလျော်
19-Aug-2016

မြန်မာ့အာမခံလုပ်ငန်းက ယခုနှစ်အတွင်း ကုန်ပစ္စည်း ရေစိုပျက်စီးမှုအတွက် ကျပ် ၄၉၄ သန်းကျော် ပေးလျော်ရာသီဥတုကြောင့်ထိခိုက်ခဲ့သည့် ကုန်ပစ္စည်းရေစိုပျက်စီးမှု အာမခံလျော်ကြေးအဖြစ်
ယခုဘဏ္ဍာနှစ် ငါးလအတွင်း ကျပ် ၄၉၄ သန်းကျော် ပေးလျော်ခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

အဆိုပါ လျော်ကြေးများအနက် ဇွန်လအတွင်း ကုန်ပစ္စည်းများပျက်စီးခဲ့သော ကုမ္ပဏီများဖြစ်သည့် Diamond Star ကုမ္ပဏီကို ကျပ် ၁၈၁ သန်းကျော် ပေးလျော်ခဲ့ပြီး International Venture ကုမ္ပဏီကို ကျပ် ၁၃ သန်းကျော် ပေးလျော်ခဲ့ကြောင်း၊ လက်ရှိတွင် ဇူလိုင်လက ကုန်ပစ္စည်း ပျက်စီးခဲ့သည့် Shwe Super Light ကို ကျပ် သန်း ၃၀၀ကျော် ထပ်မံ လျော်ကြေးပေးအပ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

"မနှစ်ကစပြီး ရေကြီးတာတွေဖြစ်တော့ ရာသီဥတုကြောင့်ဖြစ်တဲ့ အာမခံ အမျိုးအစား ထားရှိတဲ့နှုန်းကတော့ တက်လာပါတယ်။ ရေကြီးတဲ့ဒေသတွေက အိမ်တွေကတော့ အာမခံထားမှု နည်းတယ်။ ကုန်ပစ္စည်းတွေပဲ အာမခံထားကြတယ်"ဟု ၎င်းက ဆိုသည်။

သဘာဝဘေးအန္တရာယ်အရ ရေကြီးရေလျှံမှုအတွက် ပရီမီယံပေးရသည့် ရာခိုင်နှုန်းမှာ သုည ဒသမ ၁ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ယခုပေးလျော်ရသည့် အမှုအားလုံးအတွက် ရရှိသော ပရီမီယံကြေး စုစုပေါင်းမှာ ကျပ် ၅၅ သန်းကျော်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။ 

မြန်မာ့အာမခံလုပ်ငန်းမှာ အစိုးရပိုင်လုပ်ငန်း ဖြစ်သောကြောင့် ငွေရေးကြေးရေးပိုင်းတွင် ယုံကြည်ရမှုပိုရှိပြီး ကုန်ပစ္စည်းများ ပျက်စီးချိန်တွင် အချိန်မီ လာရောက်စစ်ဆေးပေးကာ လျော်ကြေးပေးရန်
 ချက်ချင်း စီစဉ်ခဲ့ကြောင်း၊ လုပ်ငန်းရှင်များမှာ ကုန်ပစ္စည်ပျက်စီးမှုများလျှင် လုပ်ငန်းအရှုံးပေါ်သည်အထိ ဖြစ်တတ်သောကြောင့် အာမခံထားရှိခြင်းမှာ အတိုင်းအတာတစ်ခုအထိ လျော်ကြေးပြန်ရသည့်အတွက် အဆင်ပြေကြောင်း Diamond Star ကုမ္ပဏီမှ Logistics Manger ဦးကျော်သူဝင်းက ပြောဆို သည်။          


  • VIA