News

POST TYPE

BUSINESS

ရွှေတင်သွင်းမှုပမာဏ သတ်မှတ်ရန် ဝန်ကြီးဌာနများထံ သဘောထား တောင်းမည်
15-May-2017 tagged as ရွှေ


ရန်ကုန်၊ မေ ၁၅

ရွှေတင်သွင်းမှု ပမာဏကို သတ်မှတ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ သဘောထားမှတ်ချက် တောင်းခံမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် အိမ်နီးချင်း နိုင်ငံများထံမှ ရွှေထည် လက်ဝတ်ရတနာများကို တရားမဝင် တင်သွင်းခြင်းနှင့် ပြည်တွင်းမှ ရွှေထည်များကို တရားမဝင် တင်ပို့နေရာမှ တရားဝင် တင်ပို့၊ တင်သွင်းခွင့်ပေးရန် စီစဉ်နေပြီး တင်သွင်းမှု ပမာဏကို သတ်မှတ်ရန် လုပ်ဆောင်နေကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ရွှေတင်သွင်းတာ များတယ်ဆိုရင် ဒေါ်လာတွေက အများကြီး ထွက်သွားပြီး ငွေကြေး ဖောင်းပွလာမယ်။ ဒီတော့ တစ်နှစ်ကို ပမာဏ ဘယ်လောက်ပဲ သွင်းရမယ်။ ရွှေတုံး သွင်းမှာလား၊ လက်ဝတ်ရတနာ သွင်းမှာလားဆိုတာ ဗဟိုဘဏ်တို့၊ သတ္တုတွင်းတို့ရဲ့ မှတ်ချက်တွေ လိုတယ်”ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ တွင်းထွက်ပစ္စည်းဖြစ်သည့် ရွှေကို ပို့ကုန် သာမက သွင်းကုန်ပါ ခွင့်ပြုပေးသည့်အတွက် ရွှေဈေးကွက် အလားအလာမှာ ပိုကောင်းလာနိုင်ကြောင်း၊ ရွှေအရောင်းအဝယ်မှ ပြည်တွင်း ငွေကြေး ဈေးကွက်ကို မထိခိုက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

“ရွှေကတော့ အဓိကက ဈေး အတက် အကျပေါ် မူတည်ပြီး အသွင်းအပို့ လုပ်ကြမှာပါ။ အပြင်မှာ ဈေးတက်နေပြီး ပြည်တွင်းမှာ ဈေးကျမယ်ဆိုရင် သွင်းတာ ဘယ်လုပ်မလဲ။ ကမ္ဘာ့ရွှေဈေးအပေါ်မှာ မူတည်ပြီးပဲ လုပ်ကြရမှာပါ”ဟု တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။

ယခင်က တားမြစ်ထားသည့်ကုန် စည်ဖြစ်သည့် ရွှေထည်ကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ လုပ်ငန်းရှင်များနှင့် ဆွေးနွေးကာ လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ နေပြီး ပို့ကုန်အဖြစ် တင်ပို့နိုင်ရန် လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်သည်။

“အဓိကကတော့ နိုင်ငံတကာမှာလည်း ပို့ခွင့်၊ သွင်းခွင့်ပေးတာ ရှိပါတယ်။ အဲဒီမှာ ဘာပြဿနာ တက်လဲဆိုတော့ ကိုယ့်ဘက်က များများ ပို့ရမယ်ထင်တာ။ သွင်းတာတွေ များပြီး ငွေကြေးဈေးကွက် ကမောက်ကမတွေ ဖြစ်ကုန်ပြီး သွင်းကုန် လိုင်စင် ပိတ်တာတွေ ဖြစ်ကုန်တယ်။ ဒါကို ဆင်ခြင်ဖို့ သွင်းတဲ့ပမာဏကို စိစစ်ရမှာပါ”ဟု ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

J-13