News

POST TYPE

BUSINESS

စိုက်ဧကသုံးသိန်းခန့် အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်ရန်ပြင်ဆင်

ရန်ကုန်၊ မေ ၇

တစ်ဧက အထွက်နှုန်းတိုးပြီး တောင်သူများ ဝင်ငွေတိုးစေရန်အတွက် ၂၀၁၇ ခုနှစ် မိုးစပါးရာသီမှစကာ အကျိုးတူ ကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ကို စပါးစိုက်ဧကပေါင်း သုံးသိန်းခန့် တွင်ကျယ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။ 

အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်သည်  မြေဩဇာ၊ ပိုးသတ်ဆေးနှင့် နည်းပညာများကို သီးနှံပေါ်ချိန်မှ ပြန်လည် ဖြတ်တောက်ယူမည့်စနစ်ဖြင့် ထောက်ပံ့ပေးထားပြီး သီးနှံပေါ်ချိန်တွင်လည်း ဈေးနှုန်း အတိအကျဖြင့် ပြန်လည် ဝယ်ယူမည့်စနစ်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ယင်းစနစ်ကို လုပ်နိုင်ခြေ ရှိ မရှိ ဆွေးနွေးကာ မိုးစပါးဧက တစ်သိန်းခွဲနှင့် နွေစပါးဧက တစ်သိန်းခွဲကို ဇုန်သတ်မှတ်၍ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

ယင်းစနစ်ကို အစိုးရဌာနများ၊ တောင်သူများနှင့် ကုမ္ပဏီ၊ စက်ပိုင်၊ ကုန်သည်များ အနေနှင့် သုံးပွင့်ဆိုင် ပါဝင် ဆောင်ရွက်နိုင်ရေးနှင့် တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး စာချုပ်ပါ စည်းကမ်းချက်များကို တစ်ရာသီပြီးတစ်ရာသီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် စံနှုန်းများ၊ စည်းကမ်းချက်များကို အစိုးရထံသို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က လေ့လာပြုစု တင်ပြထားကြောင်း ယင်း အသင်းချုပ်ထံမှ သိရသည်။ 

တောင်သူများအတွက် အာမခံ ဈေးကွက်နှင့် အာမခံ ဈေးနှုန်းစနစ်တို့ကို ဖော်ဆောင်နိုင်ရန်နှင့် လယ်ယာထွက်ကုန် သီးနှံအရည်အသွေး ပိုမို ကောင်းမွန်စေရန်အတွက် Contract Farming စနစ်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းစနစ် ဆောင်ရွက်လိုသူများသည် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သို့ ဆောင်ရွက်လိုသည့်ဒေသ၊ စိုက်ဧကနှင့် အစီအစဉ်များ ပေးပို့တင်ပြနိုင်ပြီး လိုအပ်သည့် နည်း ပညာနှင့်၊ ဘဏ္ဍာရေးအကူအညီများ၊ ပေါင်းစပ်ညှိနှိုင်း ကူညီပေးမှုများကို အသင်းချုပ်က စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။ 

J-11