POST TYPE

BUSINESS

ဂရိတ်ဟော်ခမ်းကုမ္ပဏီ လျှပ်စစ်စီမံကိန်း၌ ဒေါ်လာ ၁၄ သန်းကျော် ရင်းနှီးမြှုပ်နှံမည်

ရန်ကုန်၊ မေ ၇

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်း၌ အမေရိကန် ဒေါ်လာ ၁၄ သန်းကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာနှင့် မန့်မိုင်ကျေးရွာ အုပ်စုရှိ မြေ ဧက ၁၇၉ တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀ ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ကာ လျှပ်စစ်ဓာတ်အားများ ပြန်လည် ရောင်းချမည့် စီမံကိန်းဖြစ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“သူက ရေအားလျှပ်စစ် ထုတ်လုပ်မယ့် စီမံကိန်း အသေးပါပဲ။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းကို နှစ်ရှည်မြေငှားသည့်စနစ် (BOT) ဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၃၀၈  သန်းအပြင် ကျပ် ၄၈ ဘီလီယံပါ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တွင် လျှပ်စစ်ဓာတ်အား ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာသန်း ၉၀ဝ ကျော်ရှိပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၃၇၉ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။

J-01