POST TYPE

BUSINESS

တာဝန်ယူမှုရှိသည့် ပြင်သစ် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မည်
06-May-2017 tagged as


ရန်ကုန်၊ မေ ၆

မြန်မာနိုင်ငံတွင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို လိုက်နာပြီး လူမှုရေး တာဝန်ရှိသည့် ပြင်သစ် စီးပွားရေး လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်း လုပ်ဆောင်ရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။ 

ကုန်သည်စက်မှု အသင်းချုပ်နှင့် ပြင်သစ်-မြန်မာ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းတို့သည် မြန်မာ့ထွက်ကုန်များ ပြင်သစ်နိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ခေတ်မီပြင်သစ်နည်းပညာများ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့နိုင်ရေးတို့အတွက် မေလ ၅ ရက်နေ့က နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း၊ ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ် ယူကာ ပြန်ထွက်သွားသည့် လုပ်ငန်းမျိုးထက် ရေရှည် ရင်းနှီးမြှုပ်နှံပြီး မြန်မာ့ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် လုပ်ငန်းမျိုးကိုသာ ဖိတ်ခေါ်လိုကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ပိုမို ရှင်းလင်းတိကျသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများရှိပါက ပြင်သစ် အပါအဝင် ဥရောပ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ပြင်သစ် လုပ်ငန်းရှင်များအနေနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ အခြေခံ အဆောက်အဦ၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့၌ လာရောက် ရင်းနှီးမြှုပ်နှံရန် ပိုမို စိတ်ဝင်စားကြကြောင်း ပြင်သစ်-မြန်မာ ကုန်သည်စက်မှု အသင်းဥက္ကဋ္ဌ Mr.Julien Esch က ပြောဆိုသည်။ 

ပြင်သစ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် စီးပွားရေး ခရီးစဉ်များ၊ ကုန်စည်ပြပွဲများ ကျင်းပရေးတို့ကို ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၌ ပြင်သစ် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာသန်း ၅၄၀ ကျော်ရှိပြီး ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာသန်း ၁၁၀ ခန့် ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။

J-11

  • TAGS