News

POST TYPE

BUSINESS

၂၇ နှစ်အတွင်း ပြည်ပသို့ ပဲတင်ပို့ခြင်းမှ စံချိန်တင် ဝင်ငွေရ
04-May-2017 tagged as

ရန်ကုန်၊ မေ ၃

အိန္ဒိယ ဝယ်ယူမှု မြင့်တက်ခြင်းနှင့်အတူ ၂၇ နှစ်အတွင်း ပဲမျိုးစုံ ပြည်ပ တင်ပို့ခြင်းမှ စံချိန်တင် ဝင်ငွေတစ်ရပ်ကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပမာဏ အများဆုံး ရရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။

ထို့ပြင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ပမာဏသည်လည်း ယခင်နှစ်ကထက် တန်ချိန် နှစ်သိန်းထိ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေသည်လည်း ယခင်နှစ်ကထက် ဒေါ်လာ သန်း ၁၈၀ ကျော် ပိုမိုရရှိခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

သို့သော်ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပဲမျိုးစုံ အဓိက ဝယ်လက် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ကျဆင်းနေခြင်းကြောင့် တင်ပို့မှု လျော့ကျမည်ကို ပဲကုန်သည်များက စိုးရိမ်လျက်ရှိပြီး လတ်တလော အခြေအနေအရ လျော့ကျနိုင်ကြောင်း ၎င်းတို့က သုံးသပ် ပြောကြားသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ ပြည်ပသို့ တင်ပို့ခြင်းမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံနီးပါး စံချိန်တင်ရရှိခဲ့ပြီး ၂၀ဝ၈-ဝ၉ ဘဏ္ဍာနှစ်က ပဲမျိုးစုံ ပြည်ပ တင်ပို့မှု အများဆုံး စံချိန်ဖြစ်သည့် တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ခံစဉ်ကထက် ဒေါ်လာ သန်း ၆၀ဝ ကျော် များပြားနေခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်မှစတင်၍ ပြည်ပသို့ ပဲမျိုးစုံတင်ပို့ခြင်းကို ကုန်သွယ်ရေးဦးစီးဌာနက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းအမြင့်ဆုံး စံချိန်အဖြစ် ၂၀၁၅ ခုနှစ်အတွင်းက မတ်ပဲတစ်တန်လျှင် ၂၆ သိန်းခန့်နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁၇ သိန်းကျော် မြင့်တက်ခဲ့သည်။

ပဲမျိုးစုံ ပြည်ပ တင်ပို့ခြင်းမှ ၂၀ဝ၈-ဝ၉ ဘဏ္ဍာနှစ်တွင် တန် ၁ ဒသမ ၅ သန်းကျော်ဖြင့် ဝင်ငွေ အမေရိကန် ဒေါ်လာသန်း ရှစ်ရာနီးပါး၊ ၂၀ဝ၉-၁၀ ဘဏ္ဍာနှစ်တွင် တန် ၁ ဒသမ ၂၈ သန်းကျော်ဖြင့် ဝင်ငွေ ဒေါ်လာသန်း ၉၇၀ ကျော်၊ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် တန် ကိုးသိန်းခွဲကျော်ဖြင့် ဝင်ငွေ ဒေါ်လာသန်း ၉၃၀ ကျော်၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် တန် ၁ ဒသမ ၄ သန်းကျော်ဖြင့် ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် တွင် တန် ၁ ဒသမ ၄ သန်းကျော်ဖြင့် ဝင်ငွေ ဒေါ်လာ တစ်ဘီလီယံကျော်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တန် ၁ ဒသမ ၃ သန်း ကျော်ဖြင့် ဝင်ငွေ ဒေါ်လာသန်း ၉၄၀ ကျော်၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် တန် ၁ ဒသမ ၅ သန်းနီးပါးဖြင့် ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ၊ ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် တန် ၁ ဒသမ ၂ သန်းကျော်ဖြင့် ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကျော်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန် ၁ ဒသမ ၄ သန်းကျော်ဖြင့် ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံနီးပါးရရှိခဲ့ကြောင်း ကုန်သွယ်မှု ကိန်းဂဏန်းများအရ သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် သတ္တု တွင်းထွက်ပစ္စည်း ပြည်ပ တင်ပို့မှုမှ ဒေါ်လာ ၈၄၃ ဒသမ ၃၂၅ သန်း ရရှိခဲ့ပြီး သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၂၀၅ ဒသမ ၁၈၄ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

S-04

  • TAGS