News

POST TYPE

BUSINESS

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စင်ကာပူက အများဆုံး ရင်းနှီးမြှုပ်နှံ
02-May-2017 tagged as

ရန်ကုန်၊ မေ ၂

ပြီးခဲ့သော ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စင်ကာပူနိုင်ငံက အမေရိကန် ဒေါ်လာ သန်း သုံးထောင်ကျော်ဖြင့် ပြည်တွင်း၌ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

စင်ကာပူနိုင်ငံက ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၂၇ ခုက  ဒေါ်လာသန်း ၃၈၂၀ ဒသမ ၇၆၄ အထိ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဒုတိယ အများဆုံးမှာ ဗီယက်နမ်နိုင်ငံဖြစ်ကာ ဒေါ်လာသန်း ၁၃၈၆ ဒသမ ၂ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း ယင်းဌာနစာရင်းများအရ သိရသည်။

“စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု များနေတာက အမှန်က ဥရောပနိုင်ငံတွေ အများစုက စင်ကာပူရုံးကပဲ ရင်းနှီးမြှုပ်နှံကြလို့ပါ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် အစိုးရ အပြောင်းအလဲနှင့် ရင်းနှီးမြှုပ်နှံမှုနည်း ဥပဒေများ ရေးဆွဲနေမှုကို ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်နေကာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နှုန်း လျော့ကျကြောင်း၊ အမေရိက၏ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့လိုက်သော်လည်း အမေရိကမှ မြန်မာသို့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မရှိသည့်အပြင် ဥရောပနိုင်ငံ အများစုမှာလည်း တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်သေးကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်၌ ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံလာရန်အတွက် အီးယူ (ဥရောပမဂ္ဂ) နှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေးစာချုပ်ကို ချုပ်ဆိုနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေနှင့် အမေရိကန်ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ အထိ ရှိခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

J-01

  • TAGS